မွန်ပြည်နယ် မုဒုံမြို့နှင့် မော်လမြိုင်မြို့ရှိ မြို့အဝင်ဂိတ်များတွင် အစိုးရအဖွဲ့အစည်းဖြစ်သော မော်တော်ပီကယ်ရဲတို့က ကျိုက်မရောဘုရားပုံတော်ကို ဖြတ်သွားသည့် လိုင်ကား၊ မော်တော်ဆိုင်ကယ်များအား မဝယ်မနေရ ရောင်းပေးနေသည်ဟု သိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်မှစပြီး မော်တော်ပီကယ်အဖွဲ့ ၅ ဦးတို့မှ ၄င်းမြို့အဝင်ဂိတ်တွင် ရောင်းချနေပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း မုဒုံမြို့နယ်၊ ကော့ခပုံရွာနှင့် ကွမ်တာရွာကြားတွင် ရောင်းခဲ့သည်ဟု မျက်မြင်တွေ့ခဲ့သည့် ကားမောင်းသူတစ်ဦးက ဆိုသည်။
“တစ်ပုံကို ၃၀၀၀ ကျပ်နဲ့ သူတို့ရောင်းနေတယ်၊ မဝယ်လို့မရဘူး၊ ကျွန်တော်တို့က ဘုရားပုံဆိုတော့ မငြင်းချင်ပါဘူး၊ ဝယ်လိုက်ပါတယ်၊ သူတို့ ရန်ပုံငွေအတွက် အခုလိုဘုရားပုံရောင်းနေတာ မကောင်းပါဘူး၊ အ မင်္ဂလာလည်း ဖြစ်တယ်၊ ကျက်သရေလည်း မရှိပါဘူး” ဟု ၄င်းက ပြောသည်။
ဖြတ်သန်းသွားလာနေသည့် ကား၊ ဆိုင်ကယ်များကို လိုင်စင်၊ ဦးထုပ် စစ်ဆေးသည့်ပုံစံဖြင့် ခေတ္တရပ်ခိုင်းပြီး ပုံတော်တွေကို အတင်းရောင်းချပေးနေသည်ဟု မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောသည်။
“ကျွန်တော့်ဆိုင်ကယ်ကို ရပ်ခိုင်းပြီးတော့ ဟိုစစ်ဒီစစ်လုပ်တယ်၊ ကျွန်တော်ကတော့ လိုင်စင်တို့ ဦးထုပ်တို့ အားလုံးပါတယ်လေ၊ နောက်တော့မှ ဘုရားပုံတော်ဝယ်ရမယ်တဲ့။ ပိုက်ဆံမရှိဘူး အပြန်ကျမှဝယ်မယ်လို့ အတင်းပြောယူရတယ်၊ အဲဒါမှ ကျွန်တော့်ဆိုင်ကယ်ကို သွားခွင့်ပြုလိုက်တာ၊ ကျနော်ကတော့ အပြောကောင်းလို့ လွတ်လာတာဗျ” ဟု ၄င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် နှစ်တွင် အစိုးရမှထုတ်သည့် မော်ဒယ်မလေးပုံများ ဂေါက်တီးရိုက်နေသည့်ပုံများ၊ စစ်သူနာပြုပုံများကိုသာ ရောင်းချနေကြသည်။ ယခုနှစ်မှာ ဘုရားပုံတော်များပါ ရောင်းချနေသည့်အတွက် ခရီးသွားများက အံ့သြနေကြသည်။
ကျိုက်မရောဘုရားပုံတော်ကို မော်တော်ပီကယ် ဝတ်စုံဖြင့်ရောင်းချနေသည်မှာ အယောင်ဆောင်သမားများကဲ့သို့ ဖြစ်ကြသည်ဟု မုဒုံမြို့နယ်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။
“တခြားပုံရောင်းတာ ကောင်းသေးတယ်၊ သူတို့ကိုယ်သူတို့ ဘုရားကိုကြည်ညိုတဲ့ပုံစံ ယောင်ဆောင်နေကြတာလေ၊ ဗုဒ္ဓဘာသာကို ကိုင်းရှိင်းတဲ့သူတွေအတွက် ဒီလိုလုပ်တာ မကောင်းပါဘူး၊ ကျိုက်မရောကျောင်း ဆရာတော်ဘုရားက ဓမ္မာရုံဆောက်ဖို့အတွက် ရန်ပုံငွေရဖို့ ဒီဘုရားပုံတော်ကို မနှစ်ကတည်းက ထုတ်ထားတာပါ” ဟု ၄င်းသံဃာတော်က မိန့်သည်။
ကျိုက်မရောဘုရားပုံတော်မှ အပြင်စျေးတွင် တစ်ပုံ ၁၀၀၀ ကျပ်နှုန်းသာရှိပြီး၊ ၄င်းမော်တော်ပီကယ်အဖွဲ့တို့မှာ ၃၀၀၀ ကျပ်အထိရောင်းချနေသည်။ ယခုအချိန်တွင် မော်လမြိုင်မြို့အဝင်ဂိတ်တွင် သာမက သံဖြူဇရပ်မြို့အဝင်ဂိတ်နှင့် ရေးမြို့အဝင်ဂိတ်တွင်လည်း ရောင်းချနေသည်ဟု သိရသည်။