ထိုင်းနိုင်ငံ စမွတ်စာခွန်း (မဟာချိုင်း) တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားများ ယာယီမြန်မာနိုင်ငံကူးလက်မှတ် (ယာယီပတ်စပို့) မလုပ်လိုသောကြောင့် နေရပ်သို့ တဖြည်းဖြည်းနှင့် ပြန်နေကြပြီးဟု မဟာချိုင်းရှိ မြန်မာ အလုပ်သမားများက ဆိုသည်။
လွန်ခဲ့သော ရက်သတ္တပတ်မှစ၍ အလုပ်သမားများ နေရပ်သို့ ပြန်နေကြသည်မှာ တစ်နေ့လျှင် ၃၀၀ ခန့် ရှိသည်ဟု မဟာချိုင်းမှ မွန်အလုပ်သမားတစ်ဦးက ဆိုသည်။
“ပုလိပ်ကားနဲ့ပြန်နေတာ ကျွန်တော်ကိုယ်တိုင်တွေ့တယ်၊ တစ်ပတ်ဆိုရင် ၃ ရက်လောက်က ပြန်ကြတယ်၊ ပတ်စပို့ မလုပ်ချင်လို့တော့ပြောတာပဲ” ဟု ၄င်းကဆက်ပြောသည်။
အလုပ်သမားပေါင်း သောင်းနှင့်ချီရှိနေသော မဟာချိုင်းရှိ ငါးသေတ္တာစက်ရုံတစ်ရုံတွင် မွန်၊ ဗမာ၊ ထားဝယ် လူမျိုးများ အဓိကအားဖြင့် အလုပ်လုပ်နေကြသည်။ အချို့သော အလုပ်သမားများသည် နေရပ်သို့ပြန်ရန် ပြင်ဆင်နေကြပြီး အချို့မှာ နှစ်ကုန်သည်အထိ စောင့်ဆိုင်းပြီးမှသာ ပြန်မည့်အလုပ်သမားများလည်း ရှိသည်ဟု ၄င်းငါးသေတ္တာစက်ရုံမှ မွန်အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကျွန်မတို့ ရုံမှတော့ မပြန်ရသေးဘူး၊ ဒီလကုန်ရင် ပြန်မယ့်လူလည်းရှိတယ်၊ တချို့ကတော့ နှစ်ကူးပြီးမှ ပြန်ကြမယ်လေ၊ ပတ်စပို့ လုပ်ပြီး အိမ်မှာပိုက်ဆံသွားကောက်မှာ စိုးရိမ်လို့ ပြန်ကြတာ၊ မလုပ်လို့လည်း မရဘူးဆိုတော့ ပြန်တာပဲကောင်းပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
ထို့အပြင် မဟာချိုင်းမြို့ရှိ မုန့်ခြောက်စက်ရုံမှာလည်း အလုပ်သမားများ နေရပ်သို့ ပြန်နေကြပြီး အချို့ အလုပ်သမားကဒ် သက်တမ်းမကုန်သည်အထိ လမ်းစရိတ်ရရန်အတွက် ဆက်လက် အလုပ်လုပ်နေကြသည်ဟု အဆိုပါမုန့်ခြောက်စက်ရုံမှ မွန်အလုပ်သမားတစ်ဦးက ဆိုသည်။
“အလုပ်သမားတွေ နေ့တိုင်ပြန်နေတာတော့ ကြားတယ်၊ ကျွန်မတို့ ရုံမှာက အယောက် ၁၀၀ လောက်ရှိပြီးပြန်နေကြတာ၊ ချက်ချင်းတော့ အားလုံးမပြန်ပါဘူး၊ လမ်းစရိတ်လည်းရအောင် နှစ်ကူးတဲ့အထိ စောင့်ပြီးပြန်ကြမည့်လူလည်းရှိတယ်” ဟု ၄င်းက ဆက်ပြောသည်။
လွန်ခဲ့သော အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ အလုပ်ရုံများထံသို့ အလုပ်သမားတိုင်း ယာယီမြန်မာနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် စာပို့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်များက ပတ်စပို့လုပ်ရန် အလုပ်သမားများ၏ လစာမှ ငွေကြေးဖြတ်ယူနေသည်ဟု မဟာချိုင်းရှိ Raks Thai Foundation မှတာဝန်ရှိသူတစ်ဦက ဆိုသည်။
“အခုဆိုရင် ပတ်စပို့ရရှိပြီးတဲ့သူ ဒီမဟာချိုင်းမှာ ၁၀၀၀ နီးပါးရှိပြီး၊ ဒါပေမယ့် တချို့အလုပ်သမားတွေက ပတ်စပို့ကို လုံးဝမယုံဘူးလေ။ အလုပ်ရှင်တွေကလည်း ထိုင်းအစိုးရက အကြောင်းကြားထားပြီးဆိုတော့၊ တချို့ အလုပ်ရှင်တွေကြတော့ အတင်းအဓမ္မလုပ်ခိုင်းတာရှိသလို၊ တချို့ကြတော့ အဲဒီလို မလုပ်ပါဘူး၊ ရှင်းပြပေးတာလည်းရှိတယ်။ ဒါကတော့ အလုပ်သမားတွေအပေါ်မှလည်း မူတည်ပါတယ်၊ အလုပ်သမားအများစုက ပတ်စပို့မလုပ်ချင်လို့ ပြန်ကြတဲ့သူလည်းရှိတယ်ု၊ တချို့ သူတို့ကိစ္စနဲ့သူတို့ ပြန်တာလည်းရှိပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိ အလုပ်သမားများကိုင်ဆောင်နေသော အလုပ်သမားမှတ်ပုံတင်ကဒ်သည် လာမည့် ၂၀၁၀ ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့ကြောင့် ၄င်းလရောက်သည်အထိ မြန်မာအလုပ်သမားအားလုံး ယာယီပတ်စပို့လုပ်ရမည်ဖြစ်ပြီး ၄င်းလနောက်ပိုင်းတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမားအားလုံး ယာယီပတ်စပို့ရှိနေရမည်ဟု ထိုင်းအစိုးရက တရာဝင်းကြေညာထားပြီးသား ဖြစ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံခြားအလုပ်သမား ၄ သိန်းကျော်ကို ထိုင်းနိုင်ငံ၌ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေသည်ဟု လွန်ခဲ့သော မတ်လ ၃၁ ရက်နေ့တွင် ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းစာက ရေးသားထားသည်။