မွန်ပြည်သစ်ပါတီမှ စည်းရုံးရေးခရီးဆင်း

မွန်ပြည်သစ်ပါတီမှ စည်းရုံးရေးခရီးဆင်း
by -
မိရိုင့်မရော့
မွန်ပြည်သစ်ပါတီမှ ဥက္ကဌကြီး နိုင်ထောမွန် အပါအဝင် ဗဟိုကော်မတီဝင်များ ဦးဆောင်၍ ဒေသအလိုက် တာဝန်ခွဲဝေပြီး စည်းရုံးရေးခရီးစဉ်များ ရှိနေကြောင်း သိရသည်။ “အဓိကကတော့ ပါတီက လုပ်ငန်းစဉ်တွေ ...

မွန်ပြည်သစ်ပါတီမှ ဥက္ကဌကြီး နိုင်ထောမွန် အပါအဝင် ဗဟိုကော်မတီဝင်များ ဦးဆောင်၍ ဒေသအလိုက် တာဝန်ခွဲဝေပြီး စည်းရုံးရေးခရီးစဉ်များ ရှိနေကြောင်း သိရသည်။

“အဓိကကတော့ ပါတီက လုပ်ငန်းစဉ်တွေကို ခရိုင်အလိုက် လိုက်ရှင်းပြတာပဲ၊ အဓိကကတော့ ပါတီက ပါတီဝင်တွေ ပြီးခဲ့တဲ့လုပ်ငန်းစဉ်တွေ ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေ သိရှိဖို့ အဓိကထား ရှင်းပြတာပဲ” ဟု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မွန်ပြည်သစ်ပါတီမှ ဥက္ကဌကြီး နိုင်ထောမွန် နှင့် ဗဟိုကော်မတီဝင်တို့သည် ခရိုင်အလိုက် ပါတီဝင်များကို လုပ်ငန်းဆောင်တာ စည်းရုံးရေးခရီးစဉ်တွင် ပါတီ၏ လက်ရှိ ရပ်တည်ချက်များနှင့် ပတ်သက်၍လည်း ရှင်းပြခဲ့ကြောင်း သိရသည်။

“ဥက္ကဌ နိုင်ထောမွန် က လက်ရှိ မြန်မာစစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီကြား အခြေအနေရယ်၊ ပြီးတော့ အစိုးရက ကမ်းလှမ်းထားတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ကို ပါတီအနေနဲ့ လက်မခံတဲ့အကြောင်းနဲ့ ရရှိထားတဲ့ အပစ်ရပ်ရပ်စဲရေးကိုလည်း အဆုံးမခံနိုင်ကြောင်း အဓိက ရှင်းပြပါတယ်” ဟု မုဒုံမြို့နယ်မှ မွန်လူငယ်တစ်ဦးက ပြောသည်။

ယင်းစည်းရုံးရေး ခရီးစဉ်အတွက် ဥက္ကဌကြီး နိုင်ထောမွန်တို့အဖွဲ့သည် မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့တွင် တာဝန်ယူပြီး အလားတူ အထွေထွေ အတွင်းရေမှူး နိုင်ဟံသာနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် နိုင်ထာဝရတို့က ထားဝယ်ခရိုင်နှင့် ရေးချောင်းဖျားဒေသများသို့  အသီးသီး တာဝန်ယူကြသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရ၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ပုံစံအဖြစ်ပြောင်းလဲရန် ကမ်းလှမ်းချက်ကို လက်မခံကြောင်း မြန်မာစစ်အစိုးရထံ အကြောင်းပြန်ထားပြီးဖြစ်သည်။

မြန်မာစစ်အစိုးရ၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်မခံပယ်ချခဲ့ပြီး၊ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဆင်ပေးမှသာလျှင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံစဉ်းစားပေးမည်ဖြစ်ကြောင်းကိုလည်း သတ္တမအကြိမ်မြောက် ပါတီဗဟိုညီလာခံမှာ ဆုံးဖြတ်ချက်ချခဲ့သည်။

Most read this week