မော်လမြိုင် တက္ကသိုလ်မှ ကျောင်းသားများ စာမေးပွဲ စတင်ဖြေဆိုသည့် ကာလအတွင်း လုံခြံုရေး တင်းကြပ်ထားရာမှ ယခုရက်ပိုင်းအတွင်း အဝေးသင် တက္ကသိုလ် ကျောင်းသားများ စာမေးပွဲ ဖြေဆိုမည့် ရက်ပိုင်းထိ လုံခြံုရေး တပ်ကြပ်ထားကြောင်း သိရသည်။
တက္ကသိုလ် စာမေးပွဲကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ စတင်ဖြေဆိုပြီး၊ စာမေးပွဲနောက်ဆုံးနေ့ စက်တင်ဘာ ၂၅ ရက်နေ့ ညနေ့တွင် ကျောင်းသားတွေကို လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ကျောင်းသားများ စုစည်းမှု ဖြစ်ပွားခဲ့သေးသည်။
“စာမေးပွဲပြီးတဲ့နေ့ ညနေပိုင်းမှာ ကျောင်းသား အယောက် ၁၀၀ လောက် ဆိုင်ကယ်နဲ့ မြို့ပတ်ပြီး သွားတာ ကျောင်းသားတွေကတော့ ဘာမှမလုပ်ဘူး၊ ဘာမှမပြောဘူး၊ ဒါပေမယ့် ရဲကား နှစ်စီးက အဲဒီကျောင်းသားအုပ်စုတွေရဲ့နောက်ကို လိုက်နေတာ တခုခုဖြစ်မှာကို သူတို့က လိုက်စောင့်ကြည့်နေတဲ့သဘောပေါ့” ဟု မော်လမြိုင်မြို့မှ မျက်မြင်တစ်ဦးက ပြောသည်။
ဆိုင်ကယ်နှင့် ကျောင်းသားအုပ်စု မြို့ပတ်နေသည်ကို နောက်မှ လိုက်နေသည့် ရဲကားနှစ်စီးကို မော်လမြိုင်မြို့ တောင်ပေါ်တန်းသို့ ရောက်သည့်အခါမှာ ကျောင်းသားများ ဆိုင်ကယ်ရပ်ပြီး စကားပြောသည့်အချိန် ရဲနှင့် ကျောင်းသားများ စကားများကြပြီး ကျောင်းသားတချို့ အရိုက်ခံရသည်။
“ကျနော်တို့နောက်ကို ရဲကားနှစ်စီး လိုက်လာတယ်၊ တောင်ပေါ်တန်းရောက်တော့ ကျနော်တို့ ဆိုင်ကယ်ရပ်လိုက်တယ်၊ အဲဒီအချိန်မှာ ရဲတွေက ကျနော်တို့ဆီကိုလာပြီးတော့ နင်တို့ဘာဖြစ်လို့ ဆိုင်ကယ်ကို အသံကျယ်ကြီးနဲ့ မြို့ပတ်နေရတာလဲဆိုပြီးတော့ ကျနော်တို့နဲ့စကားများကြတယ်၊ အဲဒီမှာ ကျနော်တို့အဖွဲ့ကို ဝင်ရိုက်တယ်၊ နှစ်ယောက်ထိသွားတယ်၊ ကျနော်တို့လည်း စကားထပ်မများချင်လို့ အဲဒီမှာပဲ ပြီးသွားတယ်” ဟု ကျောင်းသားတစ်ဦးက ပြောသည်။
ကျောင်းသားများ စာမေးပွဲဖြေဆိုပြီးသည့်အချိန်သည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးနေ့နှစ်ပတ်လည် ဖြစ်သည့်အတွက်ကြောင့် လုံခြံုရေး ပိုမိုတင်းကြပ်ထားသည်။
“ကျောင်းသားတွေ စာမေးပွဲပြီးတဲ့နေ့က ရွှေဝါရောင်တော်လှန်ရေးနေ့ရဲ့ နှစ်ပတ်လည်နဲ့လည်း တိုက်ဆိုင်နေတော့ တာဝန်ရှိသူတွေက ပိုပြီးတော့ တင်းကြပ်ထားတာဖြစ်တယ်၊ ကျောင်းသားတွေက စာမေးပွဲပြီးလို့ ပျော်တဲ့သဘောနဲ့ အုပ်စုအလိုက် ဆိုင်ကယ်နဲ့ မြို့ပတ်နေကြတာ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း အဝေးသင်တက္ကသိုလ်မှ ကျောင်းသားများစာမေးပွဲဖြေဆိုရန်ရှိပြီး၊ လုံခြံုရေးရဲကားများက မနက်ပိုင်းနှင့် ညနေပိုင်း တနေ့နှစ်ကြိမ် တက္ကသိုလ်ကျောင်းဝင်းတဝိုက် ကင်းလှည့်နေသည်ဟု တက္ကသိုလ်ကျောင်းသား၏ ပြောပြချက်အရ သိရသည်။
၂၀၀၇ ခုနှစ်တွင် လောင်စာဆီစျေး ၅ ဆ တက်သွား၍ ပြည်သူလူထုက အခက်အခဲကြံုတွေ့နေရသည်ကို အကြောင်းပြုပြီး သံဃာတော်များ ဦးဆောင်ကာ ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် မြို့ကြီးအများအပြားတွင် မေတ္တာသုတ်ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်ခဲ့သည်။