ကုန်စုံစျေးနှုန်းများ တက်နေသောကြောင့် ဒေသခံခြံရှင်များ အဆင်မပြေဖြစ်

ကုန်စုံစျေးနှုန်းများ တက်နေသောကြောင့် ဒေသခံခြံရှင်များ အဆင်မပြေဖြစ်
by -
မင်းအာသံ
ရာဘာစျေးနှုန်းနှင့် ကွမ်းသီးစျေးနှုန်များ ကျဆင်းနေသောအချိန်တွင် ကုန်စုံပစ္စည်းစျေးနှုန်းများ မြင့်တက်နေသောကြောင့် ခြံပိုင်ရှင်ဒေသခံများအတွက် အဆင်မပြေဖြစ်နေကြသည်။ မွန်ပြည်နယ်ရှိ ရာဘာ၊ ကွမ်းသီးစသည့်သဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ဒေသခံများသည် ...

ရာဘာစျေးနှုန်းနှင့် ကွမ်းသီးစျေးနှုန်များ ကျဆင်းနေသောအချိန်တွင် ကုန်စုံပစ္စည်းစျေးနှုန်းများ မြင့်တက်နေသောကြောင့် ခြံပိုင်ရှင်ဒေသခံများအတွက် အဆင်မပြေဖြစ်နေကြသည်။

မွန်ပြည်နယ်ရှိ ရာဘာ၊ ကွမ်းသီးစသည့်သဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော ဒေသခံများသည် ၄င်းတို့၏ ရာဘာ၊ ကွမ်းသီးစျေးနှုန်းများသည် တက်လာခြင်းမရှိပဲ စားသုံးကုန် ပစ္စည်းများသာ တစတစတက်လာနေသောကြောင့် ညည်းညူနေကြသည်။

“ရွှေစျေးနဲ့ စားကုန်စျေးတွေပဲ တက်နေတာ၊ လွန်ခဲ့တဲ့အပတ်ကဆိုရင် ကြက်သွန်တစ်ပိဿား ၆ဝဝ ကျပ်၊ အခု ၈ဝဝ တောင်ဖြစ်သွားပြီး၊ ရာဘာစျေးနဲ့ ကွမ်းသီးစျေးတွေတော့ တက်ကိုမတက်တော့ဘူး” ဟု ရေးမြို့ခံ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

စျေးနှုန်းတစတစမြင့်တက်နေသော ကုန်စုံပစ္စည်းများမှာ အများသောအားဖြင့် စားဆီ၊ ကြက်သွန်နီ၊ အားတို့  ဖြစ်ကြသည်ဟု မုဒုံကုန်စုံဆိုင်ရှင်တစ်ဦးက ပြောသည်။

"ယခုအပတ်အတွင်း ကျွန်မတို့ ဆိုင်မှာရောင်းနေတဲ့ စျေးနှုန်းဆိုရင် စားဆီ တစ်ထုပ်ကို (၁၂၅ဝ) ကျပ်၊ ကြက်သွန်နီတစ်ပိဿာကို (၇ဝဝ) ကျပ်၊ အားလူး တစ်ပိဿာကို (၈ဝဝ) ကျပ် နှင့် ဖယောင်းတိုင်တစ်ထုပ်ကို (၅ဝဝ) ကျပ်ဖြစ်  ရောင်းနေရပါတယ်” ဟု ၄င်းက ပြောသည်။ လွန်ခဲ့သောတစ်ပတ်တွင် စားဆီ တစ်ထုပ်လျှင်(၁ဝဝဝ) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၄ဝဝ) ကျပ်၊ အားလူး တစ်ပိဿာကို (၅၅ဝ) ကျပ်နှင့် ဖယောင်းတိုင် တစ်ထုပ်ကို (၄ဝဝ) ကျပ် သာရှိသည်။

ယခုအချိန်တွင် အရည်အသွေးအကောင်းဆုံး ရာဘာအပါးစျေးသည် ၁ ပေါင်လျှင် (၅၅ဝ) ကျပ် စျေးကျနေ၍ ရာဘာရောင်း၍ရသော  ပိုက်ဆံနည်းနည်းနှင့် ချိန်ပြီ ကုန်စုံပစ္စည်းတွေဝယ်နေရပါသည်။ ယခင်က ရာဘာစျေးနှုန်းသည် ၁ ပေါင်ကို (၁၄ဝဝ) ကျပ် ရနေသောကြောင့် ပိုက်ဆံသုံးရသည်မှာ သိပ်ပြီး ချိန်စရာမလိုပါ ဟု မုဒုံမြိံု့ရှိ ရာဘာပိုင်ရှင်တစ်ဦးက ပြောသည်။

ကုန်စုံပစ္စည်းစျေးနှုန်း တခုတည်းသာ တက်နေပြီး လုပ်အားခမူလအတိုင်းသာရှိနေသောကြောင့် ဒေသခံနေ့စား အလုပ်သမားများအတွက် အဆင်မပြေ ဖြစ်နေကြသည်။

“ပစ္စည်းတွေ ဒီလိုစျေးတက်နေတော့ ကျွန်တော်တို့လိုမျိုး တစ်ရက်လုပ် တစ်ရက်စားဘဝကို ဘယ်လိုဝယ်ရမှာလဲ၊ ကျွန်တော်တို့ရဲ့ အလုပ်လုပ်ခက တခါမှတိုးသွားတာမရှိဘူး၊ ကျွန်တော်တို့ တနေကုန်အလုပ်လုပ်မှ (၃ဝဝဝ) ကျပ် လောက်ပဲရတယ်၊ တချို့အလုပ်သမားတွေက (၁၅ဝဝ) လောက်ပဲရတယ်၊ သူတို့အတွက်တော့ ပစ္စည်းဝယ်ဖို့ ပိုဝေးသေး”ဟု  ကျေးရွာအတွင်းတွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးက ပြောသည်။

“အခုကုန်စုံစျေးနှုန်းတက်နေတာက လယ်သမားတွေ စပါးစိုက်ပျိုးဖို့အချိန်နီးလို့ စျေးတက်တာဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ လယ်သမားတွေ ကုန်စုံပစ္စည်း အဝယ်အများဆုံးအချိန် ဖြစ်တယ်၊ ကုန်စုံပစ္စည်းအားလုံးလိုလိုပဲတက်နေတယ်၊ တက်ရင်လည်း မဝယ်လို့မှမရတာ ဝယ်စားရမယ်မှာပဲ”ဟု လယ်သမားတစ်ဦးက ၄င်း၏ထင်မြင်ချက်ကို ပြောသည်။

ယမန်နှစ်မိုးရွာသွန်းမှု အလွန်စောလွန်းပြီး  ဒေသခံများသည် မိုးရွာလျှင် လူအများက အိမ်အတွက် ကုန်စုံပစ္စည်းများကို အကြိုဝယ်လေ့ရှိသည်။ ထိုကြောင့် ဝယ်လိုအားများလာလျှင်် ပစ္စည်းစျေးနှုန်း တက်သွားခြင်းဖြစ်ပါသည်ဟု  တခြားမုဒုံမြို့ခံ ဆိုင်ရှင်တစ်ဦးက ပြောသည်။