နေပြည်တော်အမိန့်ဖြင့် လူပွဲစားများကို ဖော်ထုတ် ဖမ်းဆီးရန်ရှိ

နေပြည်တော်အမိန့်ဖြင့် လူပွဲစားများကို ဖော်ထုတ် ဖမ်းဆီးရန်ရှိ
by -
ရိုင်မရော့
ကော့သောင်းမြို့နယ် မြွေကျွန်းအနီးတွင် လှေမှောက်ပြီး လူ (၁၁)ဦး သေဆုံးမှုကြောင့် နေပြည်တော်အမိန့်ဖြင့် လူပွဲစားများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။ “လှေမှောက်ပြီးကတည်းက ပွဲစားတွေ တိမ်းရှောင်နေရတယ်၊ နေပြည်တော်ကနေ အမိန့်ထုတ်ထား ...

ကော့သောင်းမြို့နယ် မြွေကျွန်းအနီးတွင် လှေမှောက်ပြီး လူ (၁၁)ဦး သေဆုံးမှုကြောင့် နေပြည်တော်အမိန့်ဖြင့် လူပွဲစားများကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

“လှေမှောက်ပြီးကတည်းက ပွဲစားတွေ တိမ်းရှောင်နေရတယ်၊ နေပြည်တော်ကနေ အမိန့်ထုတ်ထားတာရှိတယ်၊ ဒီလာမယ့် မေ (၂၈) ရက်နေ့ကနေစပြီးတော့ ပွဲစားတွေကို ဖော်ထုတ် ဖမ်းဆီးသွားမယ်” ဟု ကော့သောင်းမြို့ခံ တစ်ဦးက ပြောသည်။

လှေမှောက်၍ လူသေဆုံးပြီးနောက်တွင် နေပြည်တော်မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးကာ လူပွဲစားအပါဝင် လှေပိုင်ရှင်များကိုလည်း လိုက်လံဖမ်းဆီးခိုင်းခြင်းကြောင့် လူပွဲစားများနှင့် လှေပိုင်ရှင်များမှာ တဘက်ကမ်း ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေရသည်။

“ကျနော်တို့ကြားထားတာကတော့ နေပြည်တော်ကနေ လူပွဲစားတွေရဲ့နာမည် အယောက် (၄ဝ) လောက်ကို အတိအကျ သူတို့ရထားပြီးပြီ၊ အဲဒါကို ကော့သောင်းက တာဝန်ရှိသူတွေထံ ပေးအပ်ပြီးတော့ ဖော်ထုတ်ဖမ်းဆီးသွားမယ်” ဟု လူပွဲစားအသိုင်းအဝိုင်းတွင် ကျင်လည်နေသူ ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

“လှေမှောက်ပြီးသွားတော့ အာဏာပိုင်တွေက လူကုန်ကူးမှုကို တင်းတင်းကြပ်ကြပ် ကိုင်ဆောင်နေတယ်၊ သူတို့ရထားတဲ့ နာမည်စာရင်းအတိုင်း ဖမ်းမိရင် မိ၊ မမိဘူးဆိုရင် အဲဒီပွဲစားတွေရဲ့ လက်ရှိ ပိုင်ဆိုင်နေတဲ့ အိမ်၊ ခြံတွေကို သိမ်းမယ်လို့လည်း ပြောသံကြားနေတယ်” ဟု ၄င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် မေလ (၂၂) ရက်နေ့တွင် ထားဝယ်မှ ကော့သောင်းသို့ ဝင်လာသည့် အမြန်ယာဉ် နှစ်စီးမှ လူရာနှင့်ချီကိုလည်း ကော့သောင်းဆိပ်ကမ်းတွင် ဌာနဆိုင်ရာအဖွဲ့က ဖမ်းဆီးလိုက်သည်။ ရန်ကုန်မှ ကြယ်ငါးပွင့် သဘောင်္တစ်စီးကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးရရှိထားသည့်လူများကို စစ်ဆေးမေးမြန်းကာ ကော့သောင်း နေရပ် လိပ်စာ အတိအကျပြောနိုင်သူများကို လွှတ်ပေးခဲ့ပြီး၊ တဘက်ကမ်းထိုင်းနိုင်ငံသို့ ဝင်သူများကို ထိန်းချုပ်ထားကာ ထားဝယ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ယခုတွင် နေပြည်တော်မှ တင်းကြပ်သည့်အမိန့်ဖြင့် တားဆီးထားခြင်းကြောင့် လူပွဲစားများအပါအဝင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသည့် မြန်မာအလုပ်သမားများ လုံးဝသွားလာမရသည့် အခြေနေသို့ ရောက်ရှိနေသည်။ ထားဝယ်မှ အမြန်ယာဉ်များလည်း ကော့သောင်းသို့ ဝင်ရောက်ခြင်းကို ရပ်တန့်ထားဆဲပင်ဖြစ်သည်။

မေလ (၁၅) ရက်နေ့တွင် ခံနိုင်ဝန်အားထက် လူ (၈) ဦး ပိုမိုတင်ဆောင်လာသည့် လှေတစ်စီးသည် ကော့သောင်းနှင့် ရနောင်းကြား မြွေကျွန်းအနီးတွင် တိမ်မှောက်သွားပြီး ယောကျာင်္လေး (၅) ဦးနှင့် အမျိုးသမီး (၆) ဦး သေဆုံးသွားခဲ့သည်။