ယခုလတွင် ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ဆုံးသဖြင့် လွတ်မြောက်လာမည်ကို မလိုလားသောကြောင့် မြန်မာ စစ်အစိုးရက အကွက်ဆင်လုပ်ကြံသည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။
“ဒီမေလကုန်ရင် စစ်အစိုးရက နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရမယ့်နေ့ ရောက်တယ်။ ဒါကြောင့် မြန်မာအစိုးရက သူ့ကို စွဲချက်တင်ပြီးတော့ ထိန်းသိမ်းချင်တဲ့အတွက် ဒီလိုလုပ်တာပါ၊ အစိုးရက ဒီလိုမျိုး အောင်ဆန်းစုကြည်ကို အကွက်ဆင်တာဟာ ပြည်သူလူထုကသိပါတယ်၊ ကျနော့်အနေနဲ့ အစိုးရရဲ့ လုပ် ဆောင်ချက်ကို ရှုတ်ချပါတယ်” ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၏ ဒုဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။
၂ဝဝ၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး ၁၃ နှစ်ကျော်ကျော် နေအိမ်အကျယ်ချုပ် ချထားခံခဲ့ရသည်။
လွန်ခဲ့သည့်အပတ်က အသက် (၅၄) နှစ် အမေရိကန်နိုင်ငံသား John William Yettaw က အင်းယားကန်ကို တိတ်တခိုး ရေကူးဖြတ်ကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်၌ (၂) ညတိ တိ နေထိုင်ခဲ့သည်။
“ဥပဒေက မြန်မာအစိုးရရဲ့ လက်ထဲမှာပဲ ရှိတာပါ၊ တရားရုံးရဲ့ လက်အောက်မှာ မရှိပါဘူး၊ သူတို့က ကြိုက်တဲ့သူကို ကြိုက်တဲ့အမှုနဲ့ စွဲချက်တင်ပြီး တရားစွဲနိုင်တယ်၊ ဒါကြောင့် အစိုးရက သူ့မကို မလွှတ်ချင်လို့ အကွက်ဆင်ပြီး ထောင်ချချင်တဲ့သဘောပါပဲ၊ အမေရိ ကန်နိုင်ငံသားက သူမ အိမ်ကို ခိုးဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အနည်းဆုံး ထောင် (၃) နှစ်ထိ ကျနိုင်တယ်” ဟု နိုင်ငွေသိမ်းက ဆက်ပြောပါသည်။
ယခုလောလောဆယ်မှာ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ (၂၂) နှင့် စွဲချက်တင်ထားပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။
“မြန်မာအစိုးရက နိုင်ငံရေးလှုပ်ရှားနေတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကို ထောင်ချချင်လို့ အခုလို့ လုပ်တာပါ၊ အမေရိကန်နိုင်ငံသားက သူ့မအိမ်ကို ခိုးဝင်တာဟာ သူ့မရဲ့ အမှားမဟုတ်ပါဘူး၊ ဟိုလူ လာတာကလည်း သူ့ဟာသူ လာတာပဲ ဒေါ်စုနဲ့ ဘာမှ မဆိုင်ဘူးလေ၊ ဒါကို ထိန်းသိမ်းထားတဲ့လူ မလုံခြံုလို့ပေါ့ဗျာ၊ မလုံခြံုတာ ဘယ်သူ့အပြစ်လဲ၊ အထိန်းသိမ်းခံရတဲ့လူရဲ့အပြစ်လား ထိန်းသိမ်းတဲ့လူရဲ့အပြစ်လား” ဟု ဇိုမီးအမျိုးသား ကွန်ကရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရရဲ့ လက်ထဲမှာပါ သူတို့တတွေက ကြိုက်သလို သူမအပေါ်ကို လုပ်လို့နိုင်တယ်၊ ဒါကြောင့် တရားဥပဒေက ဘာအလုပ်မှ လုပ်လို့မ ရတော့ပါဘူး” ဟု ဦးပူကျင့်ရှင်းထန်က ဆက်ပြောသည်။
“ဒီနေအထားအရဆိုရင် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဘာအထောက်ထား ခိုင်လုံမှုမှ မရှိဘဲနဲ့ သူမကို ၁၃ နှစ်ထက် ထိန်းသိမ်းထားချင်တဲ့သဘောဖြစ်တယ်၊ ဒါဟာ တမင်သက်သက် ဖန်တီးလိုက်တာပဲ၊ ကျနော့်အထင်ကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲလည်း နီးလာပြီး တကယ်လို့ ဒေါ်စုက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်လှုပ်ရှားမယ်ဆိုရင် အစိုးရက ဒေါ်စုကို ရှုံးမှာ ကြောက်တဲ့အတွက် ဒီလိုလုပ်တာပဲ” ဟု ကရင်အမျိုးသား အစည်းရုံ (KNU) မှ ဒုဥက္ကဌ ပဒိုဒေးဗစ်သာကပေါ်က ပြောပါသည်။