စီးပွားရေး ကျဆင်းမှုကြောင့် ကျောင်းသားမိဘများက သားသမီးများကို အဆောင်မထားပေးနိုင်

စီးပွားရေး ကျဆင်းမှုကြောင့် ကျောင်းသားမိဘများက သားသမီးများကို အဆောင်မထားပေးနိုင်
by -
Rai Maroah
မွန်ပြည်နယ်အတွင်း စီးပွားရေးကျဆင်းမှုကြောင့်၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် ကျောင်းသားမိဘများက သားသမီးများကို ဘော်ဒါဆောင်တွင် မထားနိုင်ကြဟု  ကျောင်းသားမိဘတို့၏ ပြောပြချက်အရ သိရ ...

မွန်ပြည်နယ်အတွင်း စီးပွားရေးကျဆင်းမှုကြောင့်၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်အတွက် ကျောင်းသားမိဘများက သားသမီးများကို ဘော်ဒါဆောင်တွင် မထားနိုင်ကြဟု  ကျောင်းသားမိဘတို့၏ ပြောပြချက်အရ သိရသည်။

မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှ ကျောင်းသားမိခင်တစ်ဦး၏အဆိုအရ “ဒီနှစ်တော့ ရာဘာစျေးတဝက်လောက်ကျသွားတယ်၊ မနှစ်က တစ်နှစ်လုံးဆိုရင် သိန်း ၂ဝ လောက်ရတယ်၊ ဒီနှစ်ကျတော့ ၁ဝ သိန်းလောက်ပဲရတယ်၊ ဘယ်လိုမှ ကိုယ့်သမီးကို အဆောင်မထားပေးနိုင်ဘူး၊ အိမ်မှာပဲနေခိုင်းပြီးတော့ ကျောင်းတက်ခိုင်းမယ်” ဟု ပြောသည်။

“အဆောင်ခက ၁၈ သိန်း၊ သိန်း ၂ဝ တဲ့၊ အဲဒါက ကျူရှင်ခနဲ့ ထမင်းစားစရိတ်လောက်ပဲ ကျောင်းကနေကောက်တဲ့ ဟိုခ ဒီခကလည်းရှိသေ၊ နောက်ပြီး စာအုပ်ဖိုး မုန့်ဖိုး အားလုံးပေါင်းဆိုရင် တစ်နှစ်် သိန်း ၃ဝ ကျော်သွားမယ် ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု ၄င်းကျောင်းသားမိခင်က ဆက်ပြောသည်။

ယမန်နှစ်တွင် ကျောင်းသားအယောက် ၃ဝ လက်ခံသည့် အဆောင်တွင် ယခုနှစ်အတွင်းကျောင်းသား အယောက် ၂ဝ သာရှိပြီး၊ အဆောင်နေခသည် တစ်နှစ်လျှင် ၁၅ သိန်းရှိကာ တချို့အဆောင်တွင် ၁၈ သိန်း၊ သိန်း ၂ဝ ထိရှိကြသည်။

တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် အဆောင်ခသည်လည်း တစ်နှစ်ထက်တစ်နှစ် မတူညီပဲ မြင့်တက်လာနေသည်။ ၂ဝဝဝ-၂ဝဝ၁ စာသင်နှစ်တွင် အဆောင်ခ ၂ သိန်း ၃ သိန်းလောက်ရှိရာမှာ ယခုအချိန်တွင် အဆောင်ခ သည် သိန်း ၂ဝ အထိ တိုးမြှင့်တက်လာသည်။“ကိုယ့်သားသမီးကို ကောင်းတဲ့နေရာမှာပဲ ထားချင်တယ်၊ ပေးအောင်ချင်တာပေါ့ ဒါပေမယ့် ဒီနှစ်က ရာဘာစျေးလည်းမကောင်း စပါးစျေးလည်းကျ ဝင်ငွေလဲမရှိတော့ အဆောင်မှာ မထားပေးနိုင်ဘူး၊ အိမ်မှာပဲ နေခိုင်းပြီးတော့ ကျူရှင်ပဲထားပေးနိုင်မယ်၊ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့ ကားနဲ့ အသွားအပြန်ဆိုတော့” ဟု သံဖြူဇရပ်မြို့နယ်မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။

အဆောင်နေကျောင်းသားများသည် အပြင်နေကျောင်းသားများထက် အောင်ချက်ကောင်းပြီး၊ တချို့သော ကျေးလက်နေ ပိုက်ဆံများသည့် မိဘအများစုက သူတို့၏ သားသမီးများကို အဆောင်တွင် နေခိုင်းကြသည်။

“ကျနော်တို့အဆောင်မှာ မနှစ်ကစျေးပဲ ၁၄ သိန်း၊ အဆောင်ခတွေက မတူကျဘူး၊ တချို့အဆောင်မှာဆိုရင် ၁၈ သိန်း၊ သိန်း ၂ဝ ပေးရတာလဲရှိတယ်၊ တချို့အဆောင်ကျတော့လည်း နှစ်စတုန်းကစျေးတမျိုးပြောထားပြီးတော့ နှစ်ဝက်လောက်ရောင်ရင် ကုန်စျေးနူန်း အခြေအနေကြောင့် ထပ်တောင်းတာမျိုးလည်းရှိတယ်” ဟု အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆောင်ချင်းတူသော်လည်း အဆောင်နေခမတူကြပေ။ အကြောင်းကာ တချို့နာမည်ကြီးအဆောင်မှာ နာမည်ကြီးဆရာဖြင့် ကျူရှင်သင်ပေးပြီး၊ အောင်ချက်လည်း တခြားအဆောင်များထက် ကောင်းသည်ဟု သိရသည်။

“ဒီနှစ်ကျမတို့ရပ်ကွက်ထဲက အဆောင်နေတဲ့ကျောင်းသားတွေ မရှိသလောက်နည်းသွားပြီး မနှစ်ကဆိုရင် ၅ ယောက် ၆ ယောက်လောက် မုဒုံမှာ အဆောင်နေကြတယ်၊ ဒီနှစ်ကတော့ ခါတိုင်းနှစ်လို ပိုက်ဆံမပေါတာက တစ်ကြောင်းရယ် နောက်ပြီးတော့ ကျမတို့လမိုင်းမှာလည်း  တစ်နှစ်ထက်တစ်နှစ် အောင်ချက်ကကောင်းလာတယ်” ဟု လမိုင်းဒေသခံ တစ်ဦးက ပြောသည်။

မုဒုံမြို့ခံများ၏ ပြောကြားချက်အရ မုဒုံမြို့တွင် နာမည်ကြီးအဆောင်များတွင် ကျောင်းသားတွေများပြီး အဆောင်ပိုင်ရှင်များကလည်း အသင်ပြကောင်းသော ကျူရှင်ဆရာများ ကတိကများနှင့် ဝါရင့်ဆရာများကို ငှားရမ်းထားကြသည်။ အောင်ချက်ကောင်သောကြောင့့် ကျောင်းသား အနေများပြီး အဆောင်ခ မည်မျှ မြှင့်မြှင့် ပိုက်ဆံရှိသားသမီးများက နေနိုင်သည်ဟု ပြောသည်။

“ဒီနှစ်က ရာဘာစျေးလည်းမကောင်းတော့ ပိုက်ဆံလည်း သိပ်မရှိပါဘူး၊ ဒါပေမယ့် ရှာကြံပြီးတော့ ကိုယ့်သမီးကို အဆောင်နေခိုင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြို့ပေါ်မှာနေရင် ဗဟုသုတကြွယ်ပြီးတော့ အောင်လဲလွယ်တယ်၊ အမြင်လည်းကျယ်တယ်၊ ရွာမှာ ထားတာနဲ့ဆာရင်ပေါ့ ဒါကြောင့်မို့ ရှာကြံပြီးထားရတာပါ” ဟု နယ်မှ အဆောင်နေကျောင်းသူတစ်ဦး၏ မိခင်ကပြောသည်။

Most read this week