မွန်ပြည်သစ််ပါတီ ခရိုင်ကော်မတီ လုပ်ကြံသူကို ဖမ်းဆီးရမိ

မွန်ပြည်သစ််ပါတီ ခရိုင်ကော်မတီ လုပ်ကြံသူကို ဖမ်းဆီးရမိ
by -
ကွန်းဟဒေ့
မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီ လုပ်ကြံသူများကို မော်လမြိုင်ရဲများက လွန်ခဲ့သောညက ဖမ်းဆီးရမိခဲ့သည်။ လုပ်ကြံသူ ၃ ဦးကို လွန်ခဲ့သောညက မော်လမြိုင်မြို့ရှိ လမ်းပေါ်တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လုပ်ကြံမှုထဲတွင် ပါဝင်သူ နောက်ထပ် ၂ ဦး ကျန် ...

မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီ လုပ်ကြံသူများကို မော်လမြိုင်ရဲများက လွန်ခဲ့သောညက ဖမ်းဆီးရမိခဲ့သည်။

လုပ်ကြံသူ ၃ ဦးကို လွန်ခဲ့သောညက မော်လမြိုင်မြို့ရှိ လမ်းပေါ်တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လုပ်ကြံမှုထဲတွင် ပါဝင်သူ နောက်ထပ် ၂ ဦး ကျန်ရှိနေသည်ဟု မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောသည်။

“ညတုန်းက လုပ်ကြံတဲ့ ၃ယောက်ကိို မော်လမြိုင်မြို့ပေါ်မှာပဲ ပုလိပ်တွေကဖမ်းမိတယ်၊ အဲဒီလုပ်ကြံထဲမှာ ပါဝင်တဲ့ နောက်ထပ်၂ယောက် ကျန်သေးတယ်” ၄င်းက ပြောသည်။

လုပ်ကြံသူများကို ကျည်ဆံအခွံမှ သဲလွန်စ ရှာဖွေကာ ပုလိပ်များက စစ်ဆေးပြီးဖမ်းဆီးခဲ့ရသည်ဟု မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

၄င်းအရာရှိ၏ ပြောပြချက်အရ “လုပ်ကြံ ပစ်ခတ်ခဲ့တုန်းက ကျကျန်ခဲ့တဲ့ ကျည်ဆံအခွံကို ပုလိပ်တွေက သဲလွန်စ လုပ်ဖို့အတွက် သိမ်းထားခဲ့တယ်၊ ဖြစ်ပုံက ညတုန်းက ဒီကောင်တွေ (လုပ်ကြံသူတွေ) ဘာအကြောင်းလဲတော့ အတိအကျမသိဘူး၊ မော်လမြိုင်မြို့ပေါ်မှာ သေနတ်ပစ်ဖောက်တယ်၊ သေနတ်သံကြားတော့ ပုလိပ်တွေက လာကြည့်တော့ ပစ်သွားတဲ့ကျည်ဆံအခွံနဲ့ အရင်လုပ်ကြံတုန်းက ရရှိခဲ့တဲ့ ကျည်ဆံအခွံနှစ်ခု တူနေတာကို တွေ့ရတော့ ရဲစခန်းကို ခေါ်သွားတယ်၊ ဟိုရောက်တော့ ပုလိပ်တွေက စစ်ဆေးတော့ သူတို့လုပ်ကြံတယ် ဆိုပြီးတော့ ပေါ်သွားတာပဲဲ” ဟု ၄င်းအရာရှိက ပြောသည်။

လုပ်ကြံသူများမှာ မွန်ငြိမ်းချမ်းရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့မှ ခွဲထွက်ခဲ့သော နိုင်အောင်းချမ်းအဖွဲ့မှ ဖြစ်သည်ဟု ၄င်းမှ ဆက်ပြောပြသည်။

“သူတို့ဖြောင့်ချက်ပေးတာကတော့ အရင်တုန်းက စကားများခဲ့ကြလို့ ပုဂ္ဂိုလ်ရေးအရ မကျေပ်နပ်မှုကြောင့် လုပ်ကြံတာလို့ သူတို့ဖြောင့်ချက်ပေးတယ်၊ ဟုတ်လားမဟုတ်လားတော့ ဘယ်သူမှမသိသေးဘူး” ဟု အမည်မဖော်လိုသူ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောပြခဲ့သည်။

မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီ လုပ်ကြံသူများကို မွန်ပြည်သစ်ပါတီမှ စစ်ဆေးခွင့်မရှိဟု ၄င်းအရာရှိက ပြောသည်။

“ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးရပြီးသား လူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မယ် ဆိုတာကိုလည်း မသိသေးဘူး” ဟု ၄င်းအရာရှိက ပြောသည်။

မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီ နိုင်မင်းနောင်သည် လွန်ခဲ့သော နှစ်ဆန်းနှစ်ရက်နေ့တွင် ဖားအောက်နှင့် ရိုးဂိုးရွာအကြားရှိ အဝေးပြေးလမ်းပေါ်တွင် သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံခဲ့ရသည်။

Most read this week