မုဒုံဘောလုံးပြိုင်ပွဲအတွက် မယကမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌများကို ၄င်းတို့အတွက် လက်မှတ်အကူရောင်းပေးသည့် ပုံစံဖြင့် ၄င်းတို့သတ်မှတ်ထားသည့် ငွေကြေးပမာဏအတိုင်း မဖြစ်မနေ ပေးဆောင်ရသည်ဟု ဒေသခံများမှ သိရသည်။
ဧပြီလ ၈ ရက်နေ့ပြုလုပ်မည့် မုဒုံဘောလုံးပြိုင်ပွဲအတွက် မုဒုံမယကမှ မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌများကို ဘောလုံးလက်မှတ်များပေးပြီး ကျေးရွာများအတွင်းရှိ ရွာသားများကို ရောင်းရန်ဖြစ်သည်။
“ရွာအခြေအနေကို ကြည့်ပြီးတော့ ပေးတယ်၊ အိမ်ခြေ ၄၀၀ - ၅၀၀ လောက်ရှိတဲ့အိမ်ဆိုရင် တစ်သိန်းခွဲနဲ့ ညီမျှတဲ့ လက်မှတ်အရေအတွက် ကျေးရွာဥက္ကဌကို ပေးလာတယ်။ ဒီထက် ကြီးတဲ့ ရွာဆိုရင်တော့ နှစ်သိန်းခွဲ၊ သုံးသိန်းအထိပေါ့၊ ဒီလိုပေးတယ်၊ သူတို့အတွက် လက်မှတ်ကို ကူရောင်းပေးတဲ့ ပုံစံအနေနဲ့ ပေးတယ်၊ အမှန်တကယ်တော့ ဒီလိုမဟုတ်ဘူး၊ သူတို့လက်မှတ် တစ်သိန်းခွဲဖိုးပေးလာရင် တစ်သိန်းခွဲတောင်းတယ်၊ နှစ်သိန်းခွဲဖိုး ပေးလာရင် နှစ်သိန်းခွဲယူတယ်၊ လက်မှတ်ရောင်းကုန်တာ မကုန်တာသူတို့မသိဘူး” ဟု လက်မှတ်ဝယ်ခဲ့ရသော ရွာသားတစ်ဦးက ပြောသည်။
ရွာတစ်ရွာ၏ အိမ်ခြေအပေါ် မူတည်၍ လက်မှတ်အစောင်ရေ ၅၀ မှ ၈၀ အထိ ပေးသည်ဟု နှီးပဒေါ ရွာသားတစ်ဦးက ပြောသည်။ ကျေးရွာဥက္ကဌသည် မယကမှ သတ်မှတ်ထားသည့်အတိုင်း ငွေကြေးရရန် လက်မှတ်များကို ကြိုးစားကာ ရောင်းရသည်ဟု ကျေးရွာဥက္ကဌတစ်ဦးက ပြောသည်။
လက်မှတ်များကို မည်သူတစ်ဦးတစ်ယောက်မှ မဝယ်ချင်ကြသောကြောင့် ထိုင်းဖုန်းထောင်သူများ၊ ချဲရောင်းသူများ စသည့် ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်လုပ်သူများကို ဥက္ကဌမှ လိုက်လံရောင်းပေးနေသည်ဟု ဒေသခံရွာသားတစ်ဦးက ဆိုသည်။
“ကျတော်တို့ အိမ်ကိုငါးစောင်ပေးဝယ်တယ်၊ ဒါပေမယ့် ၃ စောင်ပဲဝယ်လိုက်တယ်၊ ဝယ်ချင်စိတ် တောင်မရှိဘူး၊ ကြည့်လဲမကြည့်ချင်ဘူး၊ မဝယ်လို့လဲမရဘူး ကျနော်တို့အိမ်မှာ ထိုင်းဖုန်းထောင်ထားတယ်ဆိုတော့ မဝယ်ရင် တစ်ခုတစ်ခုလုပ်မှာ အရမ်းကြောက်တယ်၊ ကျနော်တို့နည်းတူပဲ ချဲရောင်းတဲ့သူတွေကို ဒီလိုပဲ အတင်းပေးဝယ်ခိုင်းတယ်” ဟု လက်မှတ်ဝယ်ခဲ့ရသော ရွာသားတစ်ဦးက ပြောသည်။
ရွာသားတစ်ဦး၏ အဆိုအရ “သူတို့ဘာပဲလုပ်လုပ် စာသင်ကျောင်းဆောက်တာကအစ သူတို့ထုတ်ပေးပြီးတော့ ကျန်တာ ရွာသားတွေဆီက ကောက်တယ်”ဟု ၄င်းက ဆိုသည်။