မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိကျေးရွာများနှင့် သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာအများစုတွင် ဒီကေဘီအေမှ လောင်းကစားဝိုင်းများ လိုက်လံဖွင့်လှစ်နေခြင်းကြောင့် ယခုအခါ ကစားဝိုင်းများသည် နေရာအနှံ့ ပျံ့နှံ့နေလျှက်ရှိသည်။
"တစ်ရွာပြီးတစ်ရွာ လိုက်ဖွင့်နေတာ၊ အခုကျွန်တော်တို့ရွာမှာ တစ်ပတ်နီးပါးရှိနေပြီ၊ ကော့ခပုံရွာမှာဆိုရင် နှစ်လတောင်ပြည့်ခါနီးနေပြီ" ဟု ညောင်ကုန်းရွာသားတစ်ဦးက ပြောသည်။
ဒီကေဘီအေမှ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ရန်ပုံငွေရရှိရန် တစ်ရွာပြီးတစ်ရွာ သွားရောက်၍ လောင်းကစားဝိုင်းများကို လိုက်ဖွင့်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၄င်းတို့သည် ရန်ပုံငွေအတွက် ရည်ရွယ်ပြီး လောင်းကစားဝိုင်းအလိုက် အခွန်ကောက်ခံရာ အနီဒေါင်ဝိုင်း တစ်ဝိုင်းလျှင် တစ်နေ့ကို တစ်သောင်းခန့်ပေးဆောင်ကြရသည်။ လောင်းကစားဝိုင်းများကို ရွာနှင့်ဝေးသော ရာဘာခြံနှင့် လယ်ကွင်းပြင်များတွင် ဖွင့်လှစ်ထားကြသည်။
"အရင်တုန်းကဆို ရွာဥက္ကဌကလည်း လောင်းကစားဝိုင်း ဖွင့်ခွင့်မပြုခဲ့လို့ ဒီနယ်တစ်ဝိုက်မှာ ကစားဝိုင်းတွေ မရှိခဲ့ဘူး ၊ အခုဒီနယ်မှာ ဒီကေဘီအေက လိုက်ဖွင့်နေတာ တစ်လကျော် ကျော်လောက်ရှိပြီ၊ ရွာတွေ ၅ ရွာမကတော့ဘူးထင်တယ်" ဟု လောင်းကစားဝိုင်းသို့ သွားခဲ့သူ ကမာဝက်ရွာသားတစ်ဦးက ပြောသည်။
လွန်ခဲ့သော ၂ နှစ်ခန့်တွင် လောင်းကစားဝိုင်းဖွင့်ခွင့်ရရန် ကျေးရွာဥက္ကဋ္ဌထံ တောင်းဆိုခဲ့ သော်လည်း ခွင့်မပေးပဲ ပိတ်ပင်ခဲ့ကြသည်ဟု ၄င်းရွာသားက ဆက်ပြောသည်။
မုဒုံမြို့နယ်ရှိ ကမာဝက်ရွာ၊ ဒိုးမားရွာ၊ ညောင်ကုန်းရွာ၊ ကွမ်လှာရွာ၊ နိုင်လှုံရွာ၊ ကျံုဖိုက်ရွွာ၊ ကွမ်ကဘွီးရွာ၊ ကော့ခပုံရွာ နှင့် သံဖြူဇရပ်မြို့နယ် ဝါခရူးရွာတို့တွင် ဒီကေဘီအေမှ ဦး ဆောင်၍ှ လောင်းကစားဝိုင်းများကို ဖွင့်လှစ်နေကြသည်။ အချို့ရွာများတွင် လောင်းက စားဝိုင်း ဖွင့်နေသည်မှာ နှစ်လနီးပါးခန့် ရှိပြီဟု ဒေသခံများက ပြောသည်။
"အခုရွာက ယောကျ်ားလေးတွေ အတော်များများ လောင်းကစားဝိုင်းမှာပဲ အချိန်ကုန်နေ ကြတာများတယ်၊ သူတို့အလုပ်လုပ်ရမှာ ပျင်းလာကြတယ်" ဟု မုဒုံမြို့နယ်မှ ညောင်ကုန်း ရွာသူတစ်ဦးက ပြောသည်။
ညောင်ကုန်းရွာတွင် လောင်းကစားဝိုင်းကို ဒီကေဘီအေမှ စတင်ဖွင့်လှစ်ခဲ့သည်မှာ ရက်သတ္တပတ် သုံးပတ်ကျော်ခန့်ရှိပြီး ရွာအစွန်းပိုင်း လယ်ကွင်းပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားသည်။
မုဒုံမြို့နယ် နှီးဗဒေါရွာနှင့် သံဖြူဇရပ်မြို့နယ် ဖောင်စိန်ရွာတို့တွင် မကြာသေးမီက မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော မွန်ပြည်သစ်ပါတီမှ ဗိုလ်ချုပ်နိုင်အောင်နိုင် ဦးဆောင်သောအဖွဲ့မှလည်း လောင်းကစားဝိုင်းများကို လာရောက်ဖွင့်လှစ်နေသည်။ "သံဃာတော်နဲ့ ကျတော်တို့ မွန်လူငယ်အဖွဲ့ကနေ လောင်းကစားဝိုင်းမဖွင့်ဖို့ကို တားပေမယ့် မရဘူး" ဟု နှီးဗဒေါရွာမှ လူငယ်တစ်ဦးက ပြောသည်။
မုဒုံမြို့နယ်အတွင်းရှိ အဘစ်ကျေးရွာတွင်လည်း ရွာသားများမှ လောင်းကစားဝိုင်းများကို ၄င်းတို့ကိုယ်တိုင်ဖွင့်၍ လောင်းကစားနေကြပြီး ကွမ်တာကျေးရွာနားတွင်လည်း ဒီကေ ဘီအေမှ ကာရာအိုကေ ပါဝင်သော စားသောက်ဆိုင်တစ်ဆိုင်ကိုပါ ထပ်မံဖွင့်လှစ်ထား သည်ဟု မွန်အမျိုးသားစီမိုကရေစီအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး နိုင်ဟောင်းဒိန်းက ပြော သည်။
"ကျွန်တော်စိုးရိမ်မိတာက လောင်းကစားဝိုင်းတွေကို ဒီလိုသာ အကြာကြီး ဆက်ဖွင့်နေ မယ်ဆိုရင် လူတွေရဲ့စာရိတ္တကပျက်ပြားလာမှာလေ၊ အထူးသဖြင့် မွန်တွေနေတဲ့ဒေသမှာ လာဖွင့်တော့ မွန်လူမျိုးတွေ အလုပ်အကိုင် လစ်ဟင်းလာပြီး လောင်းကစားထဲမှာပဲ နစ်မျောနေကြရင် ဘယ်ကောင်းမလဲ" ဟု နိုင်ဟောင်းဒိန်းက သူ၏အမြင်ကို ဆက်ပြောသည်။
လွန်ခဲ့သော ဖေဖော်ဝါရီလတွင် ဖောင်စိန်ကျေးရွာနှင့် ကွမ်လှာကျေးရွာကြား၌ ဝါခရူး ကျေးရွာမှလာသော အမျိုးသမီးတစ်ဦးကိုု ဆိုင်ကယ်ရပ်စေပြီး ဓါးပြတိုက်ရာ ရွှေတစ်ကျပ် ခွဲသားနှင့် ငွေသားနှစ်သောင်း အလုခံလိုက်ရသည်ဟု ဝါခရူးရွာခံတစ်ဦးက ပြောသည်။
နိုင်အောင်နိုင်ဦးဆောင်သော အဖွဲ့သည် နှီးဗဒေါရွာသို့ သွားရောက်၍ လောင်းကစားဝိုင်းများ ဆက်လက်ဖွင့်လှစ်ခဲ့သော်လည်း မတ်လ ရ ရက်နေ့တွင် မုဒုံရဲမြို့နယ်မှ ရဲများလာရောက်ဖမ်းဆီးရာ ဆိုင်ကယ် အစီးပေါင်း ၂၀ ခန့် သိမ်း ဆည်းသွားခဲ့ကြသည်ဟု နှီးဗဒေါရွာမှ ဒေသခံတစ်ဦးက ပြောသည်။
"လာဖမ်းတုန်းက ဆိုင်ကယ်တွေပဲသိမ်းသွားတယ်၊ လူတွေက ထွက်ပြေးပြီးလွတ်သွားကြ တယ်၊ ပိုင်ရှင်တွေက ဘယ်သူမှ သွားမရွေးရဲကြဘူး၊ ဆိုင်ကယ်တွေ အစီး ၂၀ လောက် ရှိ မယ် " ဟု ၄င်းက ဆက်ပြောသည်။
လောင်းကစားဝိုင်းများထဲမှ နှီးဗဒေါရွာတွင်ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းကို ရွာရှိ သံဃာတော်များနှင့် လူငယ်များ၏ ဆန့်ကျင်တိုင်တန်းချက်ကြောင့် မတ်လ ရ ရက်နေ့ တွင် မုဒုံမြို့နယ်မှ ရဲများလာရောက်ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။