MRTV ၌ ရုပ်သံလွှင့်ရန်အတွက် ရန်ကုန်မှ ဗီဒီယိုရိုက်ကူးရေးအဖွဲ့သည် မွန်ပြည်နယ်ရှိ၊ ရေးမြို့နယ်၊ ကျိုက်ဒေတမော့ပရတ်၊ ကျိုက်မင်းဝဘုရားနှင့် လမိုင်းမြို့ရှိ ဘုရားပွဲတော်များကို လာရောက်ရိုက်ကူးနေသည်။
၄င်းအဖွဲ့သည် လွန်ခဲ့သော တပေါင်းလဆန်း (၁၂) ရက်နေ့တွင် လမိုင်းမြို့ရှိ ကေလာသဆံတော်ရှင်ဘုရားပွဲတော်အချိန်၌ ရောက်ရှိလာပြီး ရေးမြို့နယ်ရှိ ထင်းရှားကျော်ကြားသည့်နေရာများဖြစ်သော ကျိုက်မင်းဝဘုရားနှင့် ကျိုက်ဒေတမော့ပရတ် စသည့်နေရာများတွင် ၃ ရက်တိုင် ရိုက်ကူးနေကြောင်းသိရသည်။
၄င်းအဖွဲ့သည် မွန်ရိုးရာယဉ်ကျေးမှုကိုအခြေခံ၍ မွန်ရိုးရာဆွမ်းတင်ခြင်း၊ ဓမ္မစကြာ်ရွတ်ဖတ်ခြင်း၊ ရိုးရာဓလေ့ထုံးတမ်းအရ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ အစရှိသည့် မွန်ရိုးရာယဉ်ကျေးမှုများကို (၃) ရက်တိုင် ရိုက်ကူးခဲ့ကြောင်း လမိုင်းမြို့သားတစ်ဦးက ဆိုသည်။
“သူတို့က မနက်ပိုင်းတချက်ပဲ ဗီဒီယိုရိုက်တယ်၊ သူတို့အားတဲ့အချိန်ဆိုရင် ကျိုက်မင်းဝဘုရားနှင့် ကျိုက်ဒေတမော့ပရတ်ဘက်ကိုသွားရိုက်တယ်” ဟု လမိုင်းမြို့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
လမိုင်းမြို့ရှိ ကေလာသဆံတော်ရှင်ဘုရားပွဲတော်တွင် ဘုရားထီးတော်ဟောင်းအား ပြန်လည်မွမ်းမံခြင်း ပွဲတော်လည်း ရှိနေခြင်းကြောင့် ပရိသာတ်ပေါင်း (၁ သောင်းနီးပါး) လာရောက်ကြည့်ရှု့ဖူးမျှော်ကြကြောင်း၊ ၄င်းပွဲတော်တွင် ဓမ္မစကြာ်ဝတ်ရွတ်အသင်းများဖြစ်သည့် ရှင်စောပု ဝတ်ရွတ်အသင်း၊ ဝိသာခါဝတ်ရွတ်အသင်းများ နှင့် မိတလဂုဏ် ဝတ်ရွတ်အသင်းများမှ အသင်းသူ (၂၀၀) ဦးကျော် လာရောက် ရွတ်ဖတ်ကြသည်။
MRTV မှ ဗီဒီယိုရိုက်ကူးရေးအဖွဲ့သည် တပေါင်းလဆန်း (၁၃) ရက်နေ့တွင် ကျိုက်ဒေတမော့ပရတ်သို့ ရောက်ရှိလာပြီး ရေးမြို့နှင့် အပလိုင်ရွာမှ ဓမ္မစကြာ် ဝတ်ရွတ်အသင်းများကို ဗီဒီယိုရိုက်ကူးခဲ့ကြသည်။
“ ကျွန်မတို့က ဓမ္မစကြာ်ရွတ်ဖို့ စီစဉ်ထားတယ်၊ ဒါပေမဲ့ တစ်ရွာနဲ့တစ်ရွာ ရွတ်ဖတ်သံစဉ်ခြင်း မတူတာရယ်၊ ပြီးတော့ ရွတ်ဖတ်ချိန်ကလည်း ကြာတယ်ဆိုတော့ အားလုံးပေါင်းပြီး ၂၄ ပစ္စည်း ဟေတုပစ္စယောကိုပဲ ရွတ်လိုက်တယ်” ဟု ရေးမြို့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
၄င်းဗီဒီယိုရိုက်ကူးရေးအဖွဲ့မှ အမျိုးသမီး/သား ရ/၈ ဦးသည် ရန်ကုန်မှ ကိုယ်ပိုင်ကားနှင့်ဆင်းလာကြပြီး ဗီဒီယိုနှင့်သက်ဆိုင်သည့် ပစ္စည်းများပါလာကြောင်း၊ ၄င်းအဖွဲ့သည် “ထက်လင်း” ဗီဒီယိုရိုက်ကူးရေးအဖွဲ့ဖြစ်ကြောင်း၊ MRTV တွင် ရုပ်သံလွှင့်ရန်အတွက် တိုင်းရင်းသားဒေသများတွင် လာရောက်ရိုက်ကူးနေကြောင်း မျက်မြင်တစ်ဦး၏အဆိုအရ သိရသည်။