စရဖမှ နိုင်ငံသား စီစစ်ရေးကဒ် လုပ်ရန် မွန်ပြည်သစ်ပါတီ မိသားစုဝင်များ စာရင်းပို့ခိုင်း

စရဖမှ နိုင်ငံသား စီစစ်ရေးကဒ် လုပ်ရန် မွန်ပြည်သစ်ပါတီ မိသားစုဝင်များ စာရင်းပို့ခိုင်း
by -
ရိုင်မရော့
နိုင်ငံသားစီစစ်ရေးကဒ်များ ပြုလုပ်ပေးရန်အတွက် ဘုရားသုံးဆူဒေသမှ တပ်မတော်စစ်ဖက်ရေးရာ လုံခြံုရေးတပ်ဖွဲ့ (စရဖ) တို့က မွန်ပြည်သစ်ပါတီ မိသားစုဝင်များကို ယခုလဆန်းပိုင်းတွင် စာရင်းပေးသွင်းရန် ၄င်းဒေသရှိ မွန်ပြည်သစ်ပါတီရုံးသို့ သတင်းပေးပို့ထား ...

နိုင်ငံသားစီစစ်ရေးကဒ်များ ပြုလုပ်ပေးရန်အတွက် ဘုရားသုံးဆူဒေသမှ တပ်မတော်စစ်ဖက်ရေးရာ လုံခြံုရေးတပ်ဖွဲ့ (စရဖ) တို့က မွန်ပြည်သစ်ပါတီ မိသားစုဝင်များကို ယခုလဆန်းပိုင်းတွင် စာရင်းပေးသွင်းရန် ၄င်းဒေသရှိ မွန်ပြည်သစ်ပါတီရုံးသို့ သတင်းပေးပို့ထားသည်။

မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက “(စရဖ) ကနေပြီးတော့ သတင်းလာပေး ထားတယ်၊ မတ်လ ၃ ရက်နေ့မှာပေါ့၊ မွန်ပြည်သစ်ပါတီဝင်တွေရဲ့ မိသားစုဝင်တွေက မှတ်ပုံတင်လုပ်ချင်ရင် စာရင်းပေးပါတဲ့၊ ၈ ရက်နေ့နောက်ဆုံးထားပြီး သူတို့ဆီကို စာရင်းပို့ရမယ်၊ ကုန်ကျစရိတ် ဘယ်လောက်ပေးရမယ် ဆိုတာကိုတော့ သူတို့မပြောသေးဘူး” ဟု ပြောသည်။

“ကျနော်တို့က သူတို့လိုချင်တဲ့ စာရင်းကိုတော့ လုပ်မပေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး သူတို့ဆီက တစ်ခုခု တောင်းလာမယ်၊ ပြောလာမယ်ဆိုရင် အထက်ကို အရင်တင်ပြပြီးတော့မှ ဆက်လုပ်လို့ရမယ်၊ နောက်ပြီးတော့ ဒီလိုမျိုးပါတီက မိသားစုတွေကိုပဲ အရင်ကွက်ပြီးတော့ မှတ်ပုံလုပ်ခိုင်းတာတို့ စာရင်းယူတာတို့ဟာ တစ်ခါမှ မလုပ်ဖူးဘူး၊ နည်းနည်းတော့ ထူးဆန်းနေတယ်”ဟု ၄င်းတာဝန်ခံက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦစီးဌာန (လဝက) သို့ မှတ်ပုံတင်လုပ်ရန် မွန်ပြည်သစ်ပါတီက မေးမြန်းရာမှာ မွန်ပြည်သစ်ပါတီမှ ပါတီဝင်နှင့် မြို့ခံရွာခံတို့ကို တညီတညွတ်တည်း ပြုလုပ်ပေးမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း (စရဖ) အဖွဲ့တို့ပြောသည်က မွန်ပြည်သစ်ပါတီမှ ပါတီဝင်တွေကို အရင်ပြုလုပ်ပေးမည်ဖြစ်သည်။

ဘုရားသုံးဆူ ဒေသတဝိုက်အတွင်းတွင် နိုင်ငံသားစီစစ်ရေးကဒ် ပြုလုပ်ရန်အတွက် လဝက ဌာနတို့က ၂၀၀၉ ခုနှစ်ဆန်းပိုင်းရောက်လျှင် ယာယီမှတ်ပုံတင်ကဒ် ရရှိထားသူတွေနှင့် မှတ်ပုံတင်မရှိသူများအတွက် ပြုလုပ်ပေးရန်ရှိသည်ဟု ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် အစည်းအဝေး ပြုလုပ်ထားသည်။

ဘုရားသုံးဆူ ဒေသခံတစ်ဦး၏ ပြောပြချက်အရ “အခုလောလောဆယ် ဘယ်သူ့ကိုမှ မလုပ်ပေးရသေးဘူး၊ ကျနော်တို့ကြားထားတာက မွန်ပြည်သစ်ပါတီက ပါတီဝင်တွေကို အရင်လုပ်ပေးပြီးမှ မြို့ခံတွေကို လုပ်ပေးမယ်၊ ဒါပေမယ့် အခြားဒေသမှာတော့ လုပ်ပေးနေပြီလို့ ကြားတယ်၊ ခလောက်ခနီဘက်မှာလည်း လုပ်နေတာ ပြီးသွားပြီ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုဌာနရှိရာ ရေးချောင်းဖျား ဒေသတဝိုက်ရှိ ကျေးရွာများတွင် လဝကဌာနတို့က ဒေသခံအပါအဝင် မွန်ပြည်သစ်ပါတီမှ ပါတီဝင်တို့ကို နိုင်ငံသားစီစစ်ရေးကဒ် ပြုလုပ်ပေးနေသည်။

“ကျနော့်အမြင်ကတော့ ဒီလိုမျိုး မွန်ပြည်သစ်ပါတီကနေ မှတ်ပုံတင်လုပ်ပေးဖို့ စာရင်းယူနေတာဟာ သူတို့က မွန်ပြည်သစ်ပါတီမှာ လူအင်အား ဘယ်လောက်ရှိတယ် ဆိုတာကို သိချင်လို့ ကျနော်ထင်တယ်၊ အဓိကကတော့ ဒါပဲဖြစ်မယ်၊ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကိုတော့ ဘယ်သူမှလည်း မသိနိုင်ပါဘူး” ဟု မွန်ပြည်သစ်ပါတီဝင်အပေါ်  မှတ်ပုံတင်ပြုလုပ်ပေးရန် လဝကဌာနမှ စာရင်းကောက် ခိုင်းနေမှုအပေါ် ဘုးရာသုံးဆူမြို့ခံက သူ့ရဲ့အမြင်ကို ပြောသည်။

ရွာသားတစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့ရွာမှာ သုံးဆူ (လဝက) ကနေ မှတ်ပုံတင် လာလုပ်ပေးနေတယ်၊ မေလမတိုင်ခင်က သူတို့လုပ်ထားပေးတဲ့ ယာယီမှတ်ပုံတင် ရှိတဲ့သူနဲ့ ဘာမှမရှိတဲ့သူတွေကို လုပ်ပေးနေတယ်၊ တစ်ရွာပြီးတစ်ရွာ လိုက်လုပ်ပေးနေပါတယ်၊ ကျနော်တို့ရွာမှာတော့ တစ်ယောက်ကို ဘတ် ၅၀၀ ယူတယ်၊ တစ်ရွာနဲ့တစ်ရွာမတူဘူး တစ်ချို့ရွာမှာ ဘတ် ၃၀၀ ဘတ် ၄၀၀ ယူတာလဲရှိတယ်” ဟု ပြောသည်။

Most read this week