မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ကျေးရွာရှိ တာဝန်ကျရဲတပ်ဖွဲ့တို့က ရန်ပုံငွေအတွက်ဟု အကြောင်းပြပြီး နာမည်ကြီးဇာတ်ပွဲသွင်းကာ လက်မှတ်များကို အတင်းအဓမ္မ လိုက်လံရောင်း ချနေသည်။
၄င်းကမာဝက်ကျေးရွာရှိ ရဲတပ်ဖွဲ့တို့က သူတို့၏ တပ်ဖွဲ့ရန်ပုံငွေအတွက်ဟု အကြောင်းပြကာ ဖိုးချစ်ဇာတ်ပွဲသွင်းကာ လက်မှတ်များကို ကျေးရွာရှိ ချဲဒိုင်များနှင့် ချဲရောင်းသူများ၊ ဖုန်းအိမ်များ၊ ကားရှိသည့်အိမ်တို့က မဝယ်မနေရ လက်မှတ်များကို အတင်းလိုက်လံရောင်းနေသည်။
လက်မှတ်တစ်စောင်လျှင် ရ၀၀၀ ကျပ်နှုန်းနဲ့ ရဲတပ်ဖွဲ့တွေက လိုက်ရောင်းနေတယ် ကမာဝက်မှာ တော့ ကားရှိတဲ့အိမ်၊ ချဲဒိုင်တွေကျတော့ ဝယ်ကြရတယ်၊ တစ်ခြားကျေးရွာတွေကျတော့ ချဲဒိုင် တွေဝယ်ရတယ်၊ ပြီးတော့ ဖုန်းအိမ်က ဖုန်းလိုင်းဖြန့်တဲ့နေရာမှာ ဝယ်ရတယ်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
ကမာဝက်ရွာသားတစ်ဦး၏ အဆိုအရ “လူတော့ တော်တော်များတယ်၊ ၃ ညစလုံးပဲ လူတွေ စည်နေတာပဲ၊ ဖိုးချစ်ဇာတ်က လူကြိုက်များတယ်၊ လာကြည့်တဲ့လူအပေါ် ခန့်မှန်းကြည့်ရင်တော့ သွင်းတဲ့လူက မြတ်မှာပဲ” ဟု ပြောသည်။
၄င်းဇာတ်ပွဲကို ကြည့်ရှုခဲ့သူအမျိုးသမီးတစ်ဦးကလည်း “ကျမတို့ သွားကြည့်တာက ရုံဝင်ခအတွက်က တစ်ထောင်ပေးရတယ်၊ အထဲမှာတော့ ဖျာရောင်းတယ်၊ ဖျာတစ်ချပ်ကို တစ်သောင်းပေးရတယ်၊ ဖျာမဝယ်ရင်တော့ တစ်ထောင်ပဲပေးရမှာပေါ့၊ လူကတော့ များတယ်” ဟု ပြောသည်။
“ချဲဒိုင်တွေကိုတော့ လက်မှတ်တစ်စောင်ကို ရ၀၀၀ နဲ့လိုက်ရောင်းနေတယ် မဝယ်မရဘူးပေါ့၊ ကားရှိတဲ့သူတွေလည်း ဝယ်ရတယ်၊ ဖုန်းရှိတဲ့အိမ်တွေကိုလည်း လိုက်ရောင်းပေးနေတယ်” ဟု ၄င်းအမျိုးသမီးက ပြောသည်။
ကမာဝက်ရဲတပ်ဖွဲ့မှ ရောင်းပေးနေသော လက်မှတ်များကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးတွင်ရှိသော ချဲဒိုင်များ၊ ဖုန်းပိုင်ရှင်များက ဝယ်နေရသည်။
ဖုန်းပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ “ကျမတို့ရွာက ချဲဒိုင်တွေ ဝယ်ရတယ် အဲဒီ်လက်မှတ်က တစ်စောင် ရ၀၀၀ ကျပ်နဲ့ မဝယ်မရဘူးဖြစ်နေတယ်၊ ဖုန်းအိမ်တွေကိုလည်း သူတို့လိုက်ရောင်း ပေးနေတယ်၊ ဒါပေမယ့် တချို့ဆိုရင် ဖုန်းလိုင်းဖြန့်ပေးနေတဲ့ တောင်ပေါ်မှာ သွားရောင်းတယ်၊ အဲဒါဆိုရင် ရွာမှာရှိတဲ့ ဖုန်းအိမ်တွေကျတော့ ၀ယ်စရာမလိုတော့ဘူး၊ ကျမတို့က မဝယ်ရဘူး” ဟု သူက ပြောသည်။
ယခုလဆန်းပိုင်းကလည်း မုဒုံမြို့မှ မယကအဖွဲ့တို့က မယကရန်ပုံငွေဆိုပြီး ရန်ကုန်မှ နာမည်ကျော် အဆိုတော်များငှားရမ်းကာ ၄င်းအတွက် လက်မှတ်များကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌတွေ ဆီကို လိုက်လံရောင်းချနေသည်။ ကျေးရွာဥက္ကဌမှတစ်ဆင့် ရွာသူရွာသားတွေကို အတင်းအဓမ္မ ဝယ်ခိုင်းနေသည်။
ကျေးရွာရှိ အိမ်ခြေအနည်းအများပေါ်မူတည်ပြီး လက်မှတ်များကို ရောင်းခိုင်းသည်။ ၄င်းအတွက် လက်မှတ်တစ်စောင်လျှင် ၅၀၀၀ ကျပ်နှင့် ရ၀၀၀ ကျပ်ဖြစ်သည်။
မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်မြို့နယ်တွင်လည်း ၄င်းဒေသရှိ အာဏာပိုင်တို့က ရန်ပုံငွေအတွက်ဟု အကြောင်းပြကာ မကြခဏဆိုသလို နာမည်ကျော် စတိတ်ရှိုးများ၊ မော်ဒယ်ရှိုးပွဲများ၊ ဇာတ်ပွဲများ သွင်းကာ ၄င်းဒေသအတွင်းရှိ ကျေးရွာများကို လက်မှတ်များ အတင်းအဓမ္မ ရောင်းချနေကြသည်။