သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းတစ်လျှောက် ပြေးဆွဲနေသော ကားများမှ တင်ဆောင် လာသော စစ်တပ်ဆန်များကို ကေအန်ယူမှ သိမ်းယူလိုက်ပြီး ကားသမားများမှ လျော်ကြေး ပြန်ပေးနေရသည်။
ယင်းလမ်းတစ်လျှောက်တွင် ပြေးဆွဲနေသော ကားအစီးပေါင်း ၂၁ စီးခန့်သည် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရိက္ခာဆန်တင်ရန် ချောဆွဲခံရပြီး ၄င်းတို့တင်ဆောင်လာသော ဆန်အိတ်များကို ကေအန်ယူတပ်မှ ဆန်အိတ်ပေါင်း ၆၀ ခန့် သိမ်းယူလိုက် သည်ကို ကားသမားများမှ တစ်ဦးလျှင် လျော်ကြေး ၅ သောင်းကျပ် ဒဏ်ငွေပေးကြရသည်ဟု ကားသမားများနှင့် နီးစပ်သော သုံးဆူစီးပွါးရေးသမားတစ်ဦးက ပြောသည်။
"ကားပိုင်ရှင်တစ်ယောက်ရင် အားလုံး ၅ သောင်းအတူတူပေးရတာပဲ၊ ကိုယ့်ကားပေါ်တင်လာတဲ့ ဆန်အိတ် နဲနဲများများ မဆိုင်ဘူး၊ လျော်ကြေးတွေကို သံဖြူဇရပ်မှာသွားပေးရတယ်၊ ဒါပေမဲ့ အမိန့်ကတော့ အရှေ့တောင်တိုင်းက လာတာ " ဟု သူက ဆက်ပြောသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တင်ဆောင်လာသော ရိက္ခာဆန်များကို ကေအန်ယူမှ သိမ်းဆည်းလိုက်ပြီးသည်နှင့် အာဏာပိုင် များမှ ကားသမားများကို အစည်းအဝေးခေါ်ယူ၍ လျော်ကြေးတစ်ဦးလျှင် ၅ သောင်းကျပ်ပေးဆောင်ရန် သတ်မှတ်လိုက် သည်။ ထို့ကြောင့် ယ္ခုအကြိမ်တွင်လည်း ကားသမားများမှ ဆန်အိတ်များအသိမ်းရသည်နှင့် သံဖြူဇရပ်သို့ သွားရောက် ဒဏ်ငွေဆောင်ကြရသည်ဟု ကားသမားအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦး ကပြောသည်။
"တကယ်လို့ ဒဏ်ငွေမဆောင်ဘူးဆိုရင် ကားဆွဲခွင့်မပေးတော့ဘူး၊ ဒီလိုဆို ကားသမားတွေပဲ ဒုက္ခရောက်ကုန်မှာ" ဟု ၄င်းကဆက်ပြောသည်။
ကေအန်ယူတပ်မှ စစ်တပ်ဆန်များကို နှစ်ကြိမ်သိမ်းယူလိုက်ရာ စုစုပေါင်းဆန်အိတ် ၁၄၀ သိမ်းယူရရှိလိုက်ပြီး ကေအန်ယူ တပ်ရင်း ၁၆၊ ခွဲ ၂ နှင့် ခွဲ ၃ မှ ဒညင်ရွာအနီးနှင့် မြိုင် သာယာရွာအနီးတို့တွင် သိမ်းယူလိုက်ခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးထက်နေမှ လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။
"ရန်သူတွေရဲ့ ရိက္ခာဆန်မို့လို့ သူတို့သိမ်းတာ၊ ကုန်သည်တွေရဲ့ပစ္စည်းကို ဘာမှမလုပ်ဘူး၊ အန္တရာယ်လည်းမပေးဘူး၊ တပ်မ ကလည်း ဒီလိုသိမ်းလိုက်တာကို ဘာမှပြောမှာမဟုတ်ဘူး" ဟု ဗိုလ်ကြီးက ဆက်ပြောသည်။
စစ်တပ်မှ ရိက္ခာဆန်များမှာ အနန်းကွင်းရှိတပ်နှင့် ဘုရားသုံးဆူရှိတပ်များသို့ ပို့ဆောင်ရန်ဖြစ်သည်။ ဤကဲ့သို့ ကားသမား များမှတစ်ဆင့် ရိက္ခာဆန်တင်ပို့မှုသည် ဒီဇင်ဘာလတွင် စတင်ခဲ့ပြီး ယခင်ပို့ဆောင်မှုမှာ ကားသမားများထံမှ ကားနှစ်စီး သုံးစီးခန့်ချောဆွဲ၍ စစ်တပ်မှလုံခြံုရေးနှင့်အတူ ရိက္ခာဆန် သယ်ယူလေ့ရှိသည်။