ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် ကြာရ်ကြန်တလန်(ခေါ်)ဆုတောင်းပြည့်တောင်ကုန်းပေါ်တွင် စိုက်ထူထားသော ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ်ကျောက်တိုင် (လက်ဝါးကားတိုင်)ကို ဇန်နဝါရီလ ၃၀ ရက်နေ့မတိုင်ခင် ပြောင်းရွှေ့ရန် ချင်းပြည်နယ် ၀န်ကြီးချူပ်ဦးဟုန်းဟိုင်းက ဇန်နဝါရီလ ၁၃ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်။
ဆုတောင်းပြည့်တောင်းကုန်တွင် စိုက်ထူထားသော လက်ဝါးကားတိုင်သည် ဥပဒေနှင့်အညီ တရားဝင်စိုက်ထူထားခြင်းမရှိဟုဆိုကာ ပြောင်းရွှေ့ပေးရန် ချင်းပြည်နယ်အစိုးရက ဇန်နဝါရီလ ဆန်းပိုင်းက ကနဦး အမိန့်စာထုတ်ပြန်ခဲ့သည်။ ထို့နောက် ယင်းတောင်ကုန်းတွင် လက်ဝါးကားတိုင် စိုက်ထူသော (ဘာသာရေးအထိမ်းအမှတ်ကျောက်တိုင်) တာဝန်ခံများ သည် ချင်းပြည်နယ်အစိုးရထံ လက်ဝါးကားတိုင်ကို ပြောင်းရွှေ့ခြင်းမပြုရန် နှင့် ပြည်နယ်အစိုးရ၏ အမိန့်ထုတ်ပြန်ချက် ကို ပြန်လည်ဖျက်သိမ်း ရန် တောင်းဆိုခဲ့ကြသည်။
ဘာသာရေးအထိမ်းအမှတ်ကျောက်တိုင် တာဝန်ခံများ၏ တောင်းဆိုချက်များအပေါ် ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်း က “ ခွင့်မပြုနိုင်ကြောင်း၊ အခြားနေရာ ပြန်လျှောက်စေရန် နှင့် လိုက်နာမှုမရှိက အရေးယူမည်’’ ဟု ဇန်နဝါရီလ ၁၃ ရက် နေ့ က မြို့နယ်အုပ်ချူပ်ရေးမှူးမှတဆင့် အကြောင်းကြားခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ချင်းပြည်နယ်အစိုးရမှ ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ္ဋ်အမြတ်ထားရှိသော လက်ဝါးကားတိုင် ရွှေ့ပြောင်း ခိုင်းခြင်းအပေါ် ဟားခါးဒေသခံများက ကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ တို့တွင် ဆန္ဒပြဖော်ထုတ်ရန် ပြင်ဆင်နေကြသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းအရ ချင်းပြည်နယ်တွင် လက်ဝါးကားတိုင်း စုစုပေါင်း ၁၃ ခု ဖျက်ဆီးခံ ရပြီဖြစ်ကြောင်း၊ ယင်းအထဲမှ ၄ ခုမှာ ယခုဦးဟုန်းငိုင်းအစိုးရတက်လာပြီး သည့်နောက်ပိုင်းတွင်ဖြစ်သည်ဟု သိရသည်။
ဟားခါးမြို့ပေါ်ရှိ ဆုတောင်းပြည့်တောင်ကုန်းတွင် စိုက်ထူးထားသောလက်ဝါးကားတိုင်သည် Pu J.P Biak Tin Sang မှ သံ၊ ကွန်ကရစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အမြင့် ၅၄ ပေ ရှိသည်။