နှစ်နိုင်ငံချင်းကျောင်းသားများ ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပရေး အစိုးရ ခွင့်ပြု

နှစ်နိုင်ငံချင်းကျောင်းသားများ ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပရေး အစိုးရ ခွင့်ပြု
by -
ခိုနူမ်းသုန်

မြန်မာနှင့် အိန္ဒိယ နိုင်ငံ (မီဇိုရမ်ပြည်နယ်) မှ ချင်း (Zo) ကျောင်းသားများက ချင်းပြည်နယ်မြို့တော် ဟားခါး တွင် လာမည့် ၂၀၁၅ ခုနှစ် နို၀င်ဘာလ (၅) ရက်နေ့မှ (၇)ရက်အတွင်း (၃) ရက်အတွင်း ချင်းရိုးရာ ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲ ကျင်းပမည့် တင်ပြ တောင်းဆိုချက်ကို ချင်းပြည်နယ်အစိုးရမှ တရားဝင် ခွင့်ပြုလိုက်သည်ဟု သိရသည်။

ချင်းရိုးရာယဉ်ကျေးမှု နှီးနှော ဖလှယ်ပွဲဖြစ်မြောက်ရေးကော်မီတီ ဥက္ကဌ မှ ၂၀၁၃ ခုနှစ်၊ စက်တင် ဘာလ (၉) ရက်နေ့ တင်ပြစာကို ချင်းပြည်နယ်အစိုးရက စက်တင်ဘာလ (၂၉) ရက်နေ့က ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

ပွဲကျင်းပရေးနှင့် ပါတ်သက်ပြီး ချင်းပြည်နယ်အစိုးရက အစည်းအဝေးခေါ်ယူခဲ့ရာ ချင်း တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်း ငွန်လျန်ဆန်း အပါအဝင် တက္ကသိုလ်ကျောင်း သားခေါင်းဆောင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟားခါးမြို ့ ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ မြို ့မိမြို ့ဖနှင့် လူမှုအသင်းအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း ပြည်နယ် ၀န်ကြီးချုပ် ပူးဟုန်းငိုင်းက နိုင်ငံရပ်ခြားမှ ဧည်သည့်များနှင့် အတူ ကျင်းပမည့် ပွဲဖြစ်သဖြင့် လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ နေရာ ထိုင်ခင်း၊ ငွေရေးကြေးရေး က အစ ပြင်ဆင် ထားကြ ရန် မှာကြား ခဲ့သည်ဟု သိရသည်။

ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကျင်းပရခြင်းအကြောင်းရင်းမှာ နိုင်ငံနယ်နိမိတ်ခြား တအူတုံဆင်း ချင်း ညီအကိုများ ပြန်လည်တွေ့ဆုံပြီး ချစ်ကြည်ရင်းနှီးမှုရယူရေး နှင့် တိမ်မြှုပ်ပျောက်ကွယ်လု ချင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ များ ပြန်လည်ဖော် ထုတ်နိုင်ရေး တို့ဖြစ်သည်ဟု Mizo Student’s Union မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

“ကျတော်တို့ညီအကိုတွေဟာ မြန်မာနိုင်ငံ၊ အိန္ဒိယ နိုင်ငံ နဲ့ ဘင်္ဂလားဒေရှ့် သုံးနိုင်ငံမှာ ပြန့်ကျဲနေ ခဲ့ ပြီး အကြောင်း အမျိုးမျိုးကြောင့် လူမျိုး တမျိုးဖြစ်နေတာကိုတောင် နောင်လာနောက်သားတွေ မသိ ကြတော့ဘူး၊ နေရာဒေသ ဘယ်လို ပဲခြားခြား တအူတုံဆင်း ညီအကိုဖြစ်မှု ကို ပြန်လည် ဖော်ထုတ် လို တဲ့ ရည်ရွယ်ချက်ပါ၊ ပွဲကျင်းပခွင့်ပြုတဲ့  မြန်မာနိုင်ငံ အစိုးရနဲ့ ချင်းပြည်နယ်အစိုးရအပေါ်လည်း အတိုင်းထက်အလွန်ပဲ ကျေးဇူးတင်တယ်” ဟု Salai Val Kim က ပြော သည်။

နှီးနှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံမှ တတ်သိပညာရှင်းများ၊ ချင်းတက္ကသိုလ် ကျောင်းသား ၁၀၀၀၊ ကျောင်းသားလူငယ်၊ သြဇာ တက္ကမ ရှိ ပုဂ္ဂိုလ် ၅၀၀၊ အိန္ဒိယနိုင်ငံ မှ တတ်သိပညာရှင်များ၊ အနုပညာ ရှင်များ၊ ကျောင်းသားများ ၁၅၀ ခန့် ပါ၀င်တက်ရောက်နိုင်ရန် ပြင်ဆင် လျက်ရှိ ပြီး ဟောပြောပွဲများ၊ ရိုးရာယဉ်ကျေးမှု အက ပဒေသာများဖြင့် စည်ကားစွာ ကျင်းပကြမည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ် Pu Lalthanhawla နဲ့ ၀န်ကြီး Pu C. Ngunlian cung တို့ကို ဖိတ်ကြားထား ကြောင်း နှင့် မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း ဖိတ်ကြားရန် စီစဉ်နေကြောင်း Salai Valkim က ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်ပြင်ပ ကလေး၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူ၊ မကွေး၊ စစ်တွေ၊ ရန်ကုန် တက္ကသိုလ် အသီးသီးတွင် ချင်းကျောင်းသား ဦးရေ ၆၀၀၀ ခန့်တက္ကသိုလ်ပညာ ဆည်း ပူးနေကြောင်း သိရသည်။