သန်းခေါင်းစာရင်း ကောက်ခံမှုကို CNF ကန့်ကွက်

သန်းခေါင်းစာရင်း ကောက်ခံမှုကို CNF ကန့်ကွက်
by -
ခိုနုမ်းထုန်

လာမည့် မတ်လမှစပြီး အစိုးရ၏ သန်းခေါင်စာရင်း ကောက်ခံမှုကို ချင်းအမျိုးသားလက်နက်ကိုင် Chin National Front (CNF) က ကန့်ကွက် လိုက်သည်။

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၀၁ – ၁၄ ရက်နေ့အထိ ကျင်းပသည့် ၄င်းတို့၏ ပဥ္စမအကြိမ်ပါတီညီလာခံသက် တမ်း၊ တတိယအကြိမ် ပါတီဗဟိုကော်မီတီအစည်းအဝေးက အကျေအလည်ဆွေးနွေးပြီး ကန့်ကွက် လိုက်ခြင်း ဖြစ်သည်။

အစိုးရ၏ သန်းခေါင်းစာရင်းကောက်ခံလွှာတွင် “ချင်း”ဟူသောအမျိုးသားအမည်နာမနှင့် မျိုးနွယ်စုများ၏ အမည် နာမကိုတန်း တူရေးသားထားခြင်း၊ ချင်းလူမျိုးများ၏ ဆန္ဒသဘောထား မပါဘဲ ချင်းမျိုးနွယ် စုများ၏ အမည်နာမကို (၅၃)မျိုး အဖြစ်ခွဲခြား ရေးသားထားခြင်း၊ သန်းခေါင်စာရင်းကောက်ခံရေး အတွက်ချင်း အမျိုးသားများ၏ ဆန္ဒသဘော ထားများမေးမြန်း ရယူခြင်းမရှိဟု အစည်းအဝေး သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင်  ချင်းမျိုးနွယ်စုများအကြားစည်း လုံးမှုပျက်ပြား အောင်ပြု လုပ်ရာရောက်ကြောင်း၊ “ချင်းပြည်” တွင် လူမျိုး (၅၃)မျိုးရှိသည် ဟု မဟုတ်မမှန် ဖော်ထုတ် လိုခြင်း ဖြစ် သည့်အပြင် ယနေ့ကာလသည် ငြိမ်းချမ်းရေး တည် ဆောက်ရေး ကာလဖြစ််သည့်အားလျော်စွာ သိန်းနှင့်ချီ သောဒုက္ခသည်များ၊ ပြည်တွင်းအခြေမဲ့ပြည်သူ များနေရပ် သို့ပြန် လည်ဝင်ရောက် အခြေချနိုင် မှုမရှိသေးခြင်း၊ အချို့ တိုင်းရင်းသားလူမျိုးစုနယ်မြေများတွင် အပစ်အခတ်ရပ်စဲမှုမရှိ သေးခြင်းစသည့် အခြေအနေ တွင် ပြုလုပ်ခြင်း ဖြစ်သဖြင့် တိကျမှန်ကန်သောလူဦးရေစာ ရင်းရရှိနိုင်မည်မ ဟုတ်ကြောင်း ဆက်လက် ဖော်ပြထားသည်။

အစိုးရအနေဖြင့် ပြည့်စုံမှန်ကန်သောသန်းခေါင်စာရင်းကောက်ခံမည်ဆိုပါကတိုင်းရင်းသားလူမျိုးစုအားလုံးနှင့် ဆွေးနွေး တိုင်ပင် နိုင်ရေးအတွက် သန်းခေါင် စာရင်းကောက်ခံမှုအား အချိန်ရွေ့ဆိုင်းပေးရန်နှင့် ချင်းအမျိုးသားများ၏ အမျိုးအ သားအမည်နာ မဖြစ်သော “ချင်း” ကိုသာသတ်မှတ်ပေးသင့်ကြောင်း တိုက်တွန်း ထားသည်။

ထို့အပြင် ချင်းအရေးဆိုင်ရာ အဖွဲ့အစည်း ၁၄ ဖွဲ့ဖြင့် စုဖွဲ့ထားသော ချင်းအရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် ချင်းမျိုးနွယ်စုအရေ အတွက်ကို သတ်မှတ်ခြင်း မပြုလုပ်ပါရန်၊ ချင်းမျိုးနွယ်စုများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ချင်းလူထုကိုယ်တိုင်ပါဝင် ဆောင်ရွက်ခွင့် ပိုမို ရရှိနိုင်မည့်အစီ အစဉ်များချ မှတ်ဆောင်ရွက် ပေးပါရန်နှင့် သန်းခေါင်စာရင်းကောက်ယူ ရေးနှင့်ပတ်သက်၍ ချင်းလူမျိုးများအပါအဝင် တိုင်းရင်း သားလူမျိုး များအနေဖြင့် လုံလောက်သော ကြိုတင်ပြင်ဆင်မှုရရှိနိုင်ရန်အတွက် လိုအပ်ပါက သန်းခေါင်စာရင်း စတင်ကောက်ယူ မည့်နေ ့ရက်ကို အနည်းဆုံး ရက်ပေါင်း (၃၀) ရွှေ့ဆိုင်းပေး ပါရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က တင်ပြထားသည်။

Most read this week