ချင်းပြည်နယ်ဝန်ကြီးချူပ် လမ်းပန်းဆက်သွယ်ရေးအခြေအနေကွင်းဆင်းလေ့လာ

ချင်းပြည်နယ်ဝန်ကြီးချူပ် လမ်းပန်းဆက်သွယ်ရေးအခြေအနေကွင်းဆင်းလေ့လာ
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်အတွင်း လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ထန်တလန် – အိုင်ဘူရ် – နှာရိန် – မတူပီပြည်ထောင်စုလမ်းမကြီး အခြေအနေကို ချင်းပြည်နယ်ဝန်ကြီးချူပ် ပူးဟုန်းငိုင်းက ကွင်းဆင်းလေ့လာခဲ့ သည်။

ဇန်နဝါရီ ၁၄ မှ ၁၅ ရက်နေ့အထိ ကွင်းဆင်းလေ့လာသည့် ယင်းခရီးစဉ်တွင် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းက ကားလမ်း ဖောက်လုပ်ရာတွင် ပြည်သူများ အတွက် ရေရှည်တည်တံ့ခိုင်မြဲသော လမ်းကြောင်းကိုသာ ရွေးချယ်ဖောက် လုပ်သွားရမည်ဖြစ်ကြောင်း မည်သူ့မျက်နှာကို မှ ထောက်စရာမလိုကြောင်း ပြော ဆိုခဲ့သည်။

“ ကျတော်တို့ ဘယ်သူ့မျက်နှာကိုမှ ထောက်မှာမဟုတ်ဘူး၊ ရေရှည်သုံးလို့ရမယ့်၊ လူထုအကျိုးပြု မယ့် လမ်းကြောင်းအတိုင်းပဲ ဖောက်လုပ်သွားမယ်” ဟု အကျယ် ၂၄ ပေ ဖြင့် အကောင်အထည်ဖော်လျက် ရှိသော ထန်တလန် – နှာရိန် လမ်း၊ လမ်းတာချဲ့လုပ်ငန်းကို ကိုယ်တိုင်ကွင်းဆင်း စဉ် ဇန်နဝါရီလ ၁၅ ရက်နေ့က ၀န်ကြီးချူပ်က ပြောကြားခဲ့သည်။

ယင်းလမ်းမကြီးဖောက်လုပ်ရာတွင် ပတ်ဝန်းကျင်ရှိကျေးရွာအများစုကလည်း ၎င်းတို့ကျေးရွာကို အဆိုပါ လမ်းမကြီးဖြတ်သန်းဖောက်လုပ်ပေးစေရန် ဒေသခံများကတောင်းဆိုခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီးချူပ်က “နောင်ကျမှ ဒီ လမ်းအူကြောင်းက ဟိုကကွေ့လိုက်၊ ဟိုက ဖြတ်လိုက်၊ ဟိုကဒီကမှားတယ်ပြောလိုက်နောက်တစ်ခါ ပြန်ညှိလိုက်နဲ့ ဇာတ်လမ်းရှုပ်မှာစိုး လို့ အခုလာတယ်၊ ရှင်းရှင်းပြောရရင် ထန်တလန်ကနေ ဒီနှရိန်အထိက ဖြောင့်ဖြူးနေရမယ် ဆယ့်နှစ်ရာသီ သုံးတဲ့အများသုံး ဖြစ်ရမယ်။ ဘယ်ကပဲ သွားသွား သူက Main လမ်းကြီး ဖြစ်ရမယ် အဲဒီ Main လမ်းကြီးဖြစ် ပြီဆိုတဲ့ခါကြမှ အဲဒီမိန်းလမ်းကြီးကို ကျန်တဲ့ရွာတွေက လာချိတ် ကြမယ်၊ မိန်းလမ်းကြီးကို ကောင်းကောင်း မဖော်သေးပဲနဲ့ဟိုတောင်ကိုတက် ဒီတောင်ကိုတက် လုပ်နေရင် ဘယ်လို လုပ် အကျိုးပြုနိုင်မှာလဲ၊ ကျန်တဲ့ပတ်ဝန်းကျင်ရွာတွေကလည်း နားလည်ပေးစေချင်တယ်” ဟု နှရိန်ကျေးရွာ လူထုတွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

၀န်ကြီးချူပ်၏ ခရီးစဉ် လမ်းကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများက ချင်းပြည်နယ် ဝန်ကြီးချုပ် နှင့်အဖွဲ့ ကျန်းမာပါ စေ၊ ချမ်းသာပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ ဆို သည့် ကြွေးကြော်သံများ၊ ဝန်ကြီးချုပ်အတွက်အထူးစပ်ဆိုထားသော သံစုံသီးချင်းများ၊ ရိုးရာ ချင်းခေါင်ရည်အပါအဝင် နံနက်စာ၊ ညနေစာများဖြင့် နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြသည် ဟု သိရသည်။

ဝန်ကြီးချုပ်နှင့်အတူ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးငွန်ဆန်းအောင်၊ လွှတ်တော်အမတ် ဦးရိုဘင်၊ ချင်းပြည်နယ် အင်ဂျင်နီယာမှူးကြီးနှင့် ဒု-အင်ဂျင်နီယာမှူးကြီး၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လမ်းဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့ (၁၁) မှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါ ကြကြောင်းသိရသည်။

ထန်တလန်-နှရိန်-ရေဇွာ-မတူပီ ပြည်ထောင်စုလမ်းမကြီးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ထန်တလန်မှ နှာရိန် ကျေးရွာအထိ မိုင် ၅၀ ဖောက်လုပ်မည်ဖြစ်ပြီး နှာရိန်-ရေဇွာလမ်းကိုမူ လာမည့် ဘဏ္ဍာရေးနှစ်၌ဆက်လက် ဖောက်လုပ်မည်ဖြစ်သည်။

ယခု ဖောက်လုပ် လျက်ရှိသော မိုင်တိုင် (၀/၀ – ၃၅/၀) အထိကို လမ်းဆောက် လုပ်ရေးစီမံကိန်းအထူးအဖွဲ့ (၁၁) မှ တာဝန်ယူဖောက် လုပ် လျက်ရှိပြီး ကျန် မိုင်တိုင် (၃၅/၀ – ၅၀/၀) ကို ခေါ်နူးသုန် ကုမ္ပဏီလီမိတက် က တာဝန်ယူ ဖောက် လုပ်လျက်ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် နှင့် အဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်နေ့က ဟားခါးမြို့သို့ ချောမောစွာ ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။

Most read this week