ဟားခါး ကိုယ်ထူကိုယ်ထ တက္ကသိုလ် ဖွင့်လှစ်ရေး နိုင်ငံတော်သမ္မတထံ တင်ပြ

ဟားခါး ကိုယ်ထူကိုယ်ထ တက္ကသိုလ် ဖွင့်လှစ်ရေး နိုင်ငံတော်သမ္မတထံ တင်ပြ
by -
ခိုနုမ်းထုန်

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကိုယ်ထူကိုယ်ထ တက္ကသိုလ် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတ ထံ ပြီးခဲ့သည့် သြဂုတ်လ က  တရားဝင် တင်ပြလျှောက်ထားလိုက်ပြီဟု သိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ဟားခါးမြို့မိမြို့ဖ ကော်မီတီ၏ အစည်းအဝေး ဆုံးဖြတ် ချက်အရ ဟားခါးတက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ Pu SiangMang, ဒုတိယ ဥက္ကဌ Dr. Hla Aung နှင့် အတွင်းရေးမှူး Pu SuiThio တို့၏ နာမည်ဖြင့် လျှောက်ထားကြခြင်းဖြစ်သည်။

” နေပြည်တော်ကို သွားရောက်တင်ပြခဲ့တာပါ၊  တရားဝင်စာနဲ့ အကြောင်းပြန်မယ်လို့ အစိုးရဖက်ကတော့ ပြောကြပါ တယ်၊ အစိုးရဖက်က ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”  ကော်မတီ တွဲဖက် အတွင်းရေးမှူး Salai Jacob Thang က ပြောသည်။

 ဖြစ်မြောက်ရေးကော်မီတီသည် လုပ်ငန်းပြင်ဆင်ချိန်ကာလကို ၂၀၁၃ ခုနှစ် သြဂုတ်လ မှ ၂၀၁၄ ခုနှစ် နို၀င်ဘာလ အထိ သတ်မှတ်ပြီး ၂၀၁၄ – ၂၀၁၅ ခုနှစ် တက္ကသိုလ် ပညာသင်နှစ်တွင် တရားဝင်ဖွင့်လှစ်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။

တက္ကသိုလ် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အဖြစ်

(၁) ချင်းပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သောလူသားအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးလာရန်။

(၂) ချင်းလူငယ်များအဆင့်မြင့်ပညာဆက်လက်ဆည်းပူးနိုင်ရေးအတွက််အခွင့်အလမ်းဖန်တီးပေးရန်။

(၃) ဆင်းရဲသားမိသားစုများမှကျောင်းသားလူငယ်များအဆင့်မြင့်ပညာစရိတ်သက်သာစွာဖြင့်သင်ယူလေ့လာနိုင်ရန််။

(၄) ချင်းလူငယ်များ ဘက်စုံပညာတတ်မြောက်ခြင်းဖြင့်ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုလာ စေရန််။

(၅) လူတိုင်းပညာတက်မြောက်မှုနှုန်းမြင့်မားလာပြီး မိသားစုအားလုံး၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရန် ဟူ၍ ထားရှိသည်။

တက္ကသိုလ်ဖွင့်လှစ်ရေးအတွက် လိုအပ်မည့် ရံပုံငွေကို ပြည်တွင်းပြည်ပရှိ ချင်းအမျိုးသားတဦးချင်းစီ၊ ချင်းအဖွဲ့အစည်း တွေနဲ့ နိုင်ငံတော်အစိုးရထံ အလှူခံ ဖို့ဖြစ်ကြောင်း ဆက်ပြောသည်။

ချင်းပြည်နယ်မှ နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူဦးရေ ၁၀၀၀ မှ ၁၄၀၀ ခန့်ရှိ သော်လည်း ၃၀၀ ခန့်သာ အဆင့်မြင့်ပညာကို ဆက်လက် ဆည်းပူးနိုင်ပြီး ဆင်းရဲနွမ်းပါးလွန်းခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းလွန်းမှု ကြောင့် လေလွင့် ပညာတတ် ချင်းလူငယ်များ နှစ်စဉ်တိုးပွားနေကြောင်း လေ့လာသိရှိရသည်။

Most read this week