အစိုးရ နှင့် KIA တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးကြရန် ချင်းကျောင်းသားများတောင်းဆို

အစိုးရ နှင့် KIA တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးကြရန် ချင်းကျောင်းသားများတောင်းဆို
by -
ခိူနူမ်းထုန်

ကချင်ပြည် လွတ်မြောက်ရေးတပ်မတော် KIA နှင့် အစိုးရ တပ်မတော်တို့အကြား ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် အိန္ဒိယ နှင့်မလေးရှားနိုင်ငံ အခြေစိုက် ချင်းကျောင်းသား သမဂ္ဂအဖွဲ့က တောင်းဆိုလိုက်သည်။

အိန္ဒိယ နှင့် မလေးရှားနိုင်ငံအခြေစိုက် ချင်းကျောင်းသားများအဖွဲ့က ကချင်တိုက်ပွဲအရေးနှင့်ပတ်သက်ပြီး ယခုလ ၁၉ ရက်နေ့က အချက် ၅ ချက်ပါ တောင်းဆိုချက်တရပ်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အစိုးရ နှင့် KIA အကြား ဖြစ်ပွားလျက်ရှိသော အပြင်းအထန် တိုက်ခိုက်မှုများကို လွတ်လပ်ပြီး ဘက်လိုက် မှုမရှိသော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး လေ့လာသုံးသပ်ရန် နှင့် တပ်မတော်ဘက်မှ လက်နက်ကြီးများ အသုံးပြုကာ KIA အပေါ် တိုက်ခိုက်နေခြင်းကြောင့်  ဒေသခံပြည်သူများအား အိုးမဲ့၊ အိမ်မဲ့ အဖြစ် မွေးထုတ် ပေးနေ သည်သာမက နေ့စဉ် နေ့တိုင်း ကြောက်ရွံ့မှုများနှင့် ရင်ဆိုင်နေကြသည်ကို စာနာသနားပြီး အမြန်ဆုံး တပ်မတော်မှ ထိုးစစ်များ ရပ်တန့်ပေးရန် ချင်းကျောင်း သားများအဖွဲ့၏ ပူးပေါင်းကျေညာချက် တွင်ဖော်ပြထားသည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက စပြီး တပ်မတော်က လက်နက်ကြီးများ နှင့် လေကြောင်းမှတဆင့် KIA အပေါ် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သောကြောင့် သောင်းနှင့်ချီသည့် ဒုက္ခသည်များဖြစ်ပေါ်လာပြီး၊ လူ့အခွင့်အ ရေးချိူး ဖောက်မှုများ လည်း ၎င်းဒေသတွင် ပိုမိုဆိုးရွားလာခဲ့သည်ဟု ချင်းကျောင်းသားများဆိုသည်။

ယခုကဲ့သို့ နှစ်ဘက်စလုံး တိုက်ခိုက်နေခြင်းကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်ရေး နှင့် ဖက်ဒရယ် ပြည် ထောင် စုတည်ဆောက်ရေးကို ထိခိုက်စေနိုင်ကြောင်းလည်း ကျေညာချက်တွင် ထောက်ပြထား သည်။

လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ကချင်ဒေသတချိူ့မှ ကျောင်းများပိတ်လိုက်ရသည့် အခြေအနေ အထိ ဖြစ်ပေါ်ခဲ့ရပြီး ကလေးငယ်များ၏ အနာဂတ်ပညာရေးကို ထောက်ရှူပြီး ကျောင်းသင်ခန်းစာများပြန်လည် သင်ကြား နိုင်ရန် အမြန်ဆုံးလုပ်ဆောင်ရန်လည်း တောင်းဆိုထားကြသည်။

အစိုးရ နှင့် KIA တို့ တိုက်ပွဲကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့နှင့် အနီးတဝိုက်ရှိစာသင်ကျောင်းများကို ယခုလ ၁၅ ရက်နေ့ကစပြီး ပိတ်ပင်ခဲ့ရသည်။ ထို့ကြောင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက် ရေးတွင် အရေးကြီး သော လူငယ်များ ပညာရေးကို ဦးစားပေးပြီး ကျောင်းသင်ခန်းစာများ တပြည်လုံး ပြန်လည် သင်ကြားနိုင်ရန်လည်း ချင်းကျောင်းသား များက တောင်းဆိုထားကြသည်။

KIA နှင့်  မြန်မာအစိုးရတို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နှစ်ဘက်အကြား နိုင်ငံရေးတင်းမာမှုများရှိလာပြီး တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့ သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး CNF ကလည်း မြန်မာအစိုးရကို အပြင်းအထန်ကန့်ကွက် ကြောင်း ဇန်နဝါရီ ၅ ရက်နေ့ကလည်း ကျေညာချက်ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ ယခုလ ၁၉ ရက်နေ့ထုတ်ပြန်ချက်ထဲတွင် ကချင်ထိုးစစ် ရပ်ဆိုင်းရန် ဟု ဖော်ပြထားသော်လည်း ယနေ့ ၂၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ဒီဗွီဘီ သတင်းတွင် ဖော်ပြထားသည်။