ယခုလ အောက်တိုဘာအတွင်း ချင်းပြည်နယ်မတူပီမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းလစ် လပ်နေရာ လျှောက်ထားရန် လျှောက်လွှာ တစုံလျင် ကျပ်ငွေ ၃၀၀၀ တောင်းထားရာမှ ကျပ်ငွေ ၁၅၀၀ သို့ လျှော့ချလိုက်ကြောင်း သိရသည်။
မတူပီမြို့ အထက (၁) နှင့် (၂) မှ ၀န်ထမ်းလျှောက်လွှာခ ကျပ်ငွေ ၃၀၀၀ တောင်းသည့် ကိစ္စအပေါ် မိဘပြည်သူများက မကျေနပ်သည့်အတွက် လျှောက်လွှာရှင်များအား ကျပ်ငွေ ၁၅၀၀ စီ ပြန်လည် ထုတ်ပေးရန် ကျောင်းအုပ် ဆရာကြီး နှစ်ဦးက သက်ဆိုင်ရာ ကျောင်းဆရာများနှင့် ရုံးဝန်ထမ်းများအား ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဆရာမ တဦးက အခုလို ပြောဆိုသည်။
“ကျောင်းအုပ်ကြီးက ကျမတို့ကို ခေါ်ယူပြီး ကျပ်ငွေ ၁၅၀၀ ကို လျှောက်လွှာရှင်တွေ ပြန်လည် ထုတ်ပေးဖိုပြောတယ်၊ လျှောက်လွှာရှင် စုစုပေါင်း ၄၀၀ လောက်ရှိတယ်၊ ်” ဟု ကျောင်းဆရာမ တဦးက ပြောသည်။
ထို့အပြင် ကျောင်းပြောင်းလက်မှတ်တစောင်အတွက် ကျပ်ငွေ ၆ ထောင် မှ ကျပ်ငွေ (၁) သောင်း၊ ၁၀ တန်းအောင်လက်မှတ် တစောင်အတွက် ကျပ်ငွေ ၂၀၀၀ စီ ရုံးဝန်ထမ်းများက ကောက်ခံလျက်ရှိကြောင်း ဒေသခံ ကျောင်းသား မိဘတဦးက ပြောသည်။
“တချို့ ဆင်းရဲနွမ်းပါးသူတွေက အဲဒါတွေအတွက် ၅ ရာခိုင်နှုန်းအတိုးနဲ့ ချေးယူနေကြတယ်” ဟု မတူပီမြို့ပေါ် စန်ဘောင် ရပ် ကွက်နေ မိဘပြည်သူ တဦးက ပြောသည်။