ချင်းပြည်နယ် မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဒိုင်း ဘော်လုံးပြိုင်ပွဲကို ယခုလ ၁၅ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး အသင်း(၈) သင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။
စန်ဘောင်၊ ခိုဘွေ၊ လောင်ဗန်း၊ လေမြို၊ ပညာရေး၊ ဌာနပေါင်းစုံ၊ ဖနိုင်၊ ငလိုင်စသည့် အသင်းများ ၀င်ရောက် ယှဉ်ပြိုင်ကြပြီး တသင်းလျင် ကစားသမား (၁၈) ဦး သတ်မှတ်ထားကာ အသင်းဝင်ကြေးအဖြစ်တသင်းလျင် မြန်မာ ငွေကျပ် (၂၀၀၀၀) နှုန်းကောက်ခံခဲ့ကြောင်း ဒေသခံ တဦးက အခုလို ပြောဆိုသည်။
“ဘော်လုံးသမားတွေ စားစရိတ်အတွက် လိုအပ်တဲ့ ကျပ်ငွေ ၆ သောင်းနဲ့ ၀တ်စုံ အတွက် လိုအပ်တဲ့ ကျပ်ငွေ ၈ သောင်း အတွက်ဆိုပြီး အသင်းဝင်ကြေး ကို တသင်း ကျပ်ငွေ နှစ်သောင်း စီ ကောက်ခံ တာပါ” ဟု ဒေသခံတဦးက ပြောသည်။ သို့သော် အခြား ဒေသခံ တဦးကမူ အသင်းဝင်ကြေး မထည့်နိုင်သည့်အတွက် ရပ်ကွက် တချို့မှ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိကြောင်း“ကျတော်တို့ငလား ရပ်ကွက် အသင်းကတော့ ၀င်ငွေမထည့်နိုင်လို့ မပါ၀င်တော့ဘူးဗျ” ဟု ရပ်ကွက်သားတဦးက ပြောသည်။
ဘော်လုံးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင်များ အဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရိဆွန်းခိုင်၊ ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးပိုင်တွမ်း တို့က ဦးဆောင်၍ မြို့နယ်အားကစားမှူးများဖြင့် ဖွဲ့စည်းပြီး ပွဲလုံခြုံရေးအတွက် မီးသတ်ဌာနမှ ဦးစီးကာ တရပ်ကွက်လျှင် အရံမီးသတ် တပ် ဖွဲ့ဝင် နှစ်ဦးစီစေလွှတ်၍ တာဝန်ယူကြသည်ဟု သိရသည်။
ဘော်လုံးပွဲကို ယခု ၁၅ ရက်နေ့မှ စတင်ကျင်းပပြီး အောက်တိုဘာ ၂၃ ရက်နေ့တွင် ဗိုလ်လုပွဲ (ဖိုင်နယ်ပွဲ) ကို ကျင်းပရန် ရှိကြောင်း သိရသည်။