အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ချင်းပြည်နယ်တွင် ဆက်ဆံရေးရုံးများဖွင့်လှစ်ရန် ချင်းအမျိူး သားတပ်ဦး CNF ကိုယ်စားလှယ်များသည် ဇွန်လ ၁၉ရက်နေ့က အိန္ဒိယ -မြန်မာ နယ်စပ် မှတဆင့် ချင်းပြည်နယ်ကို ထွက်ခွါသွားကြပြီဟု သတင်းရရှိသည်။
ဆက်ဆံရေးရုံးကို ဇွန်လ ၂၃ ရက်နေ့တွင် မတူပီမြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မတူပီရုံးတွင် CNF ဗဟိုကော်မတီဝင် Pu Thanzen နှင့် ၀န်ထမ်း ၆ ဦးတို့ တခါတည်းရုံးထိုင်ကြမည်ဖြစ်သည်။ အလားတူ ထန်တလန်မြို့တွင် ဇွန်လ ၂၉ ရက်နေ့၌ ဆက်ဆံရေးရုံးဖွင့်လှစ်မည်ဟုသိရပြီး ဗဟိုကော်မတီဝင် Pu Ralhnin နှင့် ၀န်ထမ်း ၆ ဦးတို့ ရုံးထိုင်ကြမည်ဟု CNF အထွေ ထွေ အတွင်းရေး မှူးချူပ်(၁) ပူးပေါလ်စီထားက ပြောသည်။
“ အဓိကတော့ အစိုးရနဲ့ ကျနော်တို့ဆက်ဆံရေးလွယ်ကူစေဖို့၊ လူထုနဲ့ ထိတွေ့ဆက်ဆံ မှုတွေ၊ ဆွေးနွေးတိုင် ပင်မှုတွေ၊ လူထုတွေဘာလိုချင်လဲ ကျနော်တို့ကလည်း ဘာတွေလုပ် သင့်သလဲဆိုတဲ့ Public Consultation လုပ်ဖို့အတွက်ပါ’’ ဟု ပူးပေါလ်စီထားကပြောသည်။
ချင်းအမျိူးသားတပ်ဦး နှင့် ပြည်ထောင်စုအစိုးရတို့သည် ပြီးခဲ့သည့် မေလ ရ ရက်နေ့ က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟားခါးမြို့တွင် ပြုလုပ်ခဲ့ကြပြီး အချက် ၁၅ ချက်သဘောတူညီလက်မှတ်ရေး ထိုးခဲ့ကြသည်။ ယင်းသဘောတူ ညီချက်တွင် ချင်းပြည်နယ် တီးတိန် ၊ ထန်တလန် နှင့် မတူပီ မြို့တို့တွင် CNF ဆက်ဆံရေးရုံးဖွင့်လှစ်ရန် ဆိုသောအချက် လည်း ပါ၀င်သည်။
ထန်တလန် နှင့် မတူပီတွင် ဆက်ဆံရေးရုံးဖွင့်လှစ်တော့မည်ဖြစ်ပေမယ့် တီးတိန်မြို့ မှာတော့ လောလောဆယ် မဖွင့် သေးဘူးဟု ပူးပေါလ်စီထားကပြောသည်။
“ တီးတိန်က အခုကျနော်တို့ဖွင့်လို့မရသေးဘူး လူထုတွေနဲ့လည်း နည်းနည်းပြန်ဆွေးနွေးရမယ်၊ အချိန်တော့ နည်းနည်း စောင့်ရဦးမယ်ထင်တယ် တီးတိန်ဘက်ဖွင့်ဖို့တော့’’ ဟု ပူးပေါလ်ကပြော သည်။
တီးတိန်မြို့တွင် CNF ဆက်ဆံရေးရုံးထားရှိမည့်ကိစ္စကို ဒေသခံလူထုက ကန့်ကွက်သည့်အနေဖြင့် ယခုနှစ်ဆန်း ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ စာရေးသားပေးပို့ကြသည်။