သမ္မတ သိန်းစိန် ချင်းပြည်နယ် ခရီးစဉ် ရက်မတိကျသေး

သမ္မတ သိန်းစိန် ချင်းပြည်နယ် ခရီးစဉ် ရက်မတိကျသေး
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ပထမဆုံး ခရီးစဉ်အဖြစ် မကြာခင်မှာပဲ သမ္မတ ဦးသိန်းစိန် ချင်းပြည်နယ်သို့ နယ်လှည့်ရောက် ရှိလိမ့်မည်၊ သို့သော် ရက်အတိအကျကိုမူ ပြည်နယ်အစိုးရကိုယ်တိုင် မသိရသေးပါ။

“ ဘယ်နေ့တော့ မသိရပေမဲ့ ရောက်မှာတော့ သေချာပါတယ်” ဟု ချင်းပြည်နယ် ၀န်ကြီးတဦး က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ တပ်မတော်အစိုးရဝန်ကြီးချုပ်ဘဝက တကြိမ် ရောက်ရှိခဲ့ပြီး ယခု ပြည်ထောင်စု အစိုးရ သမ္မတ ရာထူးဘဝတွင် ပထမအဆုံးအကြိမ်ရောက် ရှိခြင်းဖြစ်သည်။

“ ယဉ်ကျေးမှု အကတွေ ပြင်ဆင်ထားတော့ ဒါပေမဲ့ အခု နားထားတယ်” ဟု လူငယ်ခေါင်းဆောင် တဦး က ပြောသည်။

လူထုအနေဖြင့် ချင်းပြည်နယ်မှာ အလိုအပ်ဆုံးဟု ယူဆရသည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လျှပ်စစ်မီး ၊ ချင်းပြည် အတွင်း နိုင်ငံခြားခရီးသည်များ ၀င်ထွက်နိုင်ရေးစသည့် ကိစ္စတွေကို တင်ပြတောင်း ဆိုသွားမည်ဟု ကြားသိရ သည်။

အချက် ပေါင်း ၁၆ အနက် အဓိကအားဖြင့် လက်ရှိ ပြည်ထောင်စု ကားလမ်းမကြီး တိုးချဲ့ရေး၊ စစ်ကိုင်းတိုင်း ရာကြီး – ဟံသာဝတီ မှ ချင်းပြည်နယ် မှန်တော – ဟားခါး- ထန်တလန်မှ တဖက်မီဇိုရမ်ပြည်နယ် ဆငေါင် အထိ ကားလမ်းတိုး ချဲ့ ရေး၊ ချင်းပြည်နယ်အတွင်း တက္ကသိုလ်ထား ရှိပေးရေး၊ ဒေါင် ရေအားလျှပ် စစ်မီး နှင့် ပြည်ပမှ နိုင်ငံခြား ခရီးသည်များ လွတ်လပ်စွာ ၀င်ထွက်သွားလာနိုင်ရေး ကို တင်ပြတောင်းဆို သွားကြမည်ဟု ဆိုထားသည်။

“ သမ္မတ ဧည့်ခံကြိုဆိုရေးစရိတ်ကိုတော့ ပြည်နယ်က ကျခံမလား ဆိုတာ ရေရာသေချာမှု မရှိသေးဘူး၊ အရင် အတိုင်း ဆိုယင် လူထုက ပြန်ကောက်မလားပေါ့” ဟု ဒေသခံ လူကြီးတဦးက ပြောသည်။

သမ္မတ  ခရီးစဉ် အတွက် ဧည့်ခံကြိုဆိုရေးကို ပြည်နယ်အစိုးရမှ ဟားခါး မြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် ရပ်မိ ရပ်ဖများ၊ လူထုအခြေပြုအသင်းအဖွဲ့များကို တာဝန်ပေးထားသည်ဟု ပြည်တွင်းသတင်းများအရ သိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဟားခါး မြို့ပေါ် စျေးသစ်ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် ရပ်မိရပ်ဖများပါ၀င်သည့် ၂၆ ဦးပါ၀င်သော သမ္မတ ကြိုဆိုရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြကြောင်း Hakha Youth Fellowship ၏ လစဉ်ထုတ်ဒေသစာစောင်တွင် ဖော်ပြထားသည်။

သမ္မတကြီး ဦးသိန်းစိန်အစား ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လာနိုင်ဖွယ်ရှိသည် ဟု ပြောဆိုသူ များလည်း ရှိနေသည်။