ချင်းပြည်နယ်တွင် ဆယ်တန်းဖြေဆိုသူ ဦးရေ နှစ်စဉ် လျှော့နည်းလာ

ချင်းပြည်နယ်တွင် ဆယ်တန်းဖြေဆိုသူ ဦးရေ နှစ်စဉ် လျှော့နည်းလာ
by -
ခိုနူမ်းထုန်

၂၀၁၀ ခုနှစ်မှ စပြီး ချင်းပြည်နယ်တွင် ဆယ်တန်းဖြေဆိုသူ ဦးရေ တနှစ်ထက်တနှစ် ကျဆင်းလာကြောင်း သိရသည်။

၂၀၁၀ ပညာသင်နှစ်တွင် ဖြေဆိုသူ ၈၇၁၀ ဦးအနက် ၂၀၁၁ ခုနှစ်တွင် ရ၀၀၀ ခန့်သာရှိပြီး ယခုနှစ်တွင် ၅၀၀၀ မပြည့် တော့ကြောင်း သိရသည်။

“ မင်းတပ်မြို့အထက (၁) မှာတော့ ယမန်နှစ်က ရ၀၀ ကျော် ဖြေဆိုကြပေမဲ့ ယခုနှစ်က ၆၀၀ လောက်ပဲ ရှိတယ်” ဟု ကျောင်းဆရာတဦးက ပြောသည်။

ပြောဆိုချက်များအရ ယခုကဲ့သို့ ဖြေဆိုသူ လျှော့နည်းသွားခြင်းမှာ နှစ်ကျသမားများသည် နောက်ထပ် စားမေးပွဲဖြေဆို ခြင်း မရှိတော့ပဲ နိုင်ငံရပ်ခြားသို့ ထွက်ခွါသူများနေသောကြောင့် ဖြစ်သည်ဟု သတင်းရရှိ သည်။

“ ဒီ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ဆိုတာ မလွယ်တော့ စိတ်ဓါတ်ကျတာလည်း ပါတယ်” ဟု ဟားခါးမြို့မှ စာ မေးပွဲ အခန်းကြီးကြပ် ဆရာတဦးက ပြောသည်။

တဖက်တွင် ၁၀ တန်းဖြေဆိုသူများသည် မသမာသည့်နည်းဖြင့် စားမေးပွဲ အောင်မြင်သူများပြားလာသည့် အခါ ၄င်းတို့ ကိုယ်တိုင် အရည်အချင်းမရှိမှန်းသိလာသည့်အချက်လည်းပါသည်ဟု ပြောကြသည်။

“ အစိုးရ ကျောင်းဆရာတွေနဲ့ ကျူရှင်ဆရာတွေအကြား အပေးအယူလုပ်ပြီး ကျောင်းသားတွေကို စာခိုးခိုင်း တယ်၊ ဥပမာ ကျူရှင်ဆရာတွေက ၄င်းတို့ ကျူရှင်ကျောင်းသားထံငွေယူပြီး အစိုးရကျောင်းဆရာတွေနဲ့  အပေးအယူပြန်လုပ်တယ်ပေါ့၊ ငါ့ကျူရှင်ကျောင်းသားစာခိုးယင် နားလည်ပေးဖို့ စသဖြင့်ပေါ့” ဟု မတူပီမြို့မှ ကျောင်းသား မိဘ တဦးက ပြောသည်။

အလားတူ ထန်တလန်မြို့မှ ကျောင်းသားမိဘတဦးကမူ “ အစိုးရကျောင်းဆိုတာက တရားဝင်ကျောင်းသား ဖြစ်ရုံ သက် သက်ပဲ အကျုံးဝင်တယ်၊  ပညာအရည် အချင်းရှိဖို့အတွက်တော့ အားမကိုးရဘူး၊ ကျူရှင်မထား လို့ မရဘူး” ဟု ဆက်ပြော သည်။

Most read this week