ဖက်ဒရယ်ဖြင့် အုပ်ချုပ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှုအပေါ် CPP ကြိုဆို

ဖက်ဒရယ်ဖြင့် အုပ်ချုပ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှုအပေါ် CPP ကြိုဆို
by -
ခိုနူမ်းထုန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအား ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သင့်သည်ဟု တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့်အပေါ် ချင်းတိုးတက်ရေးပါတီ – CPP က ကြိုဆိုသည်။

“ဖက်ဒရယ်ဆိုတဲ့ စကာလုံးက ကြောက်စရာ ကောင်းတဲ့ စကားလုံး မဟုတ်ဘူး။ တိုင်းရင်းသားတွေ ကလည်း ကျမလေ့လာရသလောက်ဆို ဘယ်သူမှ ပြည်ထောင်စုကနေ ခွဲထွက်ချင်တဲ့စိတ် မရှိကြဘူး။ ကျမတို့နိုင်ငံမှာ လိုအပ်လို့ရှိရင် ဖက်ဒရယ်နဲ့ အုပ်ချုပ်ရင် ပိုသင့်တော်မယ်လို့ ဒေါ်စု ပြောတယ်။ အဲဒီလိုပြောတဲ့အပေါ် ကြိုဆိုပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် CPP ပါတီ အတွင်းရေးမှူး ပူးဇုန်လှယ်ထန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်း၊ ရခိုင်၊ ချင်း၊ ပလောင်၊ ပအို့ဝ်၊ ၀၊ ဖလုံ စဝေါ်စသည့် ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ ယခုလ ၆ ရက်နေ့ မနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေး ကောက်ပွဲ အရေးနှင့် တိုင်းရင်းသားအရေးတို့ ပြောဆို ဆွေးနွေးခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဖက်ဒရယ်ဆိုတာက ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုစ နစ်ကို ဆိုလိုတယ်လို့ပဲ ကျနော် နားလည်တယ်။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးရဲ့ မျှော်လင့်ချက် ပဲလေ။  သူပြောတာကို အားလုံးက ကျေနပ် ကြတာပေါ့”ဟု ဖလမ်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ပူးဇုန်လှယ်ထန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်လိုခြင်းကြောင့် ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သွားရောက်ခဲ့သည့် ကချင်ပြည်နယ် နမ္မတီးမြို့ခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုထားသည်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင် လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က နမ္မတီးဟော ပြောပွဲတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားဟူသည့် စကားလုံးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဗမာဆိုတာလည်း တိုင်းရင်း သား တခုပါပဲ။ ဆိုတော့ မင်းတို့ တိုင်းရင်းသားတွေဆိုတဲ့ စကားလုံး မသုံးသင့်ဘူး။ ကျနော်တို့ ကျမတို့ တိုင်းရင်းသားတွေဆိုတဲ့ စကားလုံး သုံးသင့်တယ်လို့ သူ့အမြင်ကို ကျနော်တို့ကို ပြောတယ်”ဟု ပူးဇုန်လှယ်ထန်းက ဆက်ပြောသည်။

မြန်မာပြည်၌ လက်ရှိ အသုံးပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အခွင့်အာဏာပေးအပ်ထားမှု အလွန် နည်းပါးကြောင်း ပူးဇုန်လှယ်ထန်းက ဝေဖန်ပြောဆို သည်။

“အိန္ဒိယမှာဆို မီဇိုရမ်ပြည်နယ်က ၀န်ကြီးချုပ်ကို သူတို့ရဲ့ ပါလီမန်ကနေ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဥပဒေပြုခွင့်နဲ့ လုပ်ပိုင်ခွင့်တွေက အများကြီးပဲ။ ကျနော်တို့ဆီမှာတော့ ပြည်နယ်တွေကို စုစည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောလို့မရသေးဘူး”ဟု သူက ပြောသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈ ခုသာ ရှိသည့်အတွက် ယင်းပမာဏမှာ အစိုးရအား ပြောင်းလဲနိုင်သည့် အရေအတွက် မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ၀င်ရောက်လာပါက အပြောင်းအလဲများစွာကို ဦးဆောင်လုပ်ကိုင်သွားနိုင်မည်ဟု ပူးဇုန်လှယ်ထန်းက ဆက်ဆိုသည်။

Most read this week