ယုံကြည်ရလောက်သည့် ငြိမ်းချမ်းရေးလော?

ယုံကြည်ရလောက်သည့် ငြိမ်းချမ်းရေးလော?
by -
ခိုနူမ်းထုန်

ဇလပ်၊ ခွါနင်းလေသောင်၊ ၂၀၁၁ နှစ်ကုန်- ၂၀၁၂ နှစ်ဦးကာလသည် တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများနှင့် အစိုးရ တို့ တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ရယူသည့် သတင်း များအပြင် ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ကိုလည်း တွေ့ဆုံဆွေးနွေးရေးကို ကမ်းလှမ်းနေသည့် သတင်းများကို အများအားဖြင့် ကြားနေကြရသည်။

ဗိုလ်ချုပ် ခင်ညွန့်် ခေတ်တုန်း ကလည်း ယခုကဲ့သို့ပင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေရယူ ခဲ့ကြပါ တယ်။ သို့သော် နိုင်ငံရေး ဆွေးနွေးမှုမပါတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး မို့လို့ မကြာပါဘူး ငြိမ်းချမ်းရေး ပြန်လည် ပျက်ပြယ်သွားခဲ့ကြတာပါပဲ။ ဦးသိန်းစိန် က ၄င်းကို သင်ခန်းစာယူပြီး ခုတဖန်နိုင်ငံရေး ဆွေးနွေးမှု ပါတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံမှုကို ဖော်ဆောင်ခဲ့ရာ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးလိုလိုဆွေးနွေး နေကြပါပြီ။ ပြည်နယ်အ ဆင့်ဖြတ် သန်းပြီးပြည်ထောင်စု အဆင့်မှာ ပင်လုံကဲ့ သို့သော နိုင်ငံရေးကို ဆွေးနွေး ကြရမည်ဖြစ်သည်။ ရှေ့ဆက် ဘယ်လိုဖြစ် လာမယ်ကိုတော့ စောင့်ကြည့်ရ အုံးမှာပါ။

မကြာသေးခင်က တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများ စုဖွဲ့ထားတဲ့ ယူအဲန်အက်ဖ်စီ ကလဲ အဖွဲ့ဝင် တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအသီးသီးနဲ့ ဆွေးနွေးသွားကြဖို့ ဆုံးဖြတ်ထားတော့ ကိုယ့်ပြည်နယ် အစိုးရနှင့် ကိုယ်စီ ဆွေးနွေးကြရတယ်။ မြန်မာအစိုးရဖက်ကတော့ ရထား ၀န်ကြီးဌါန ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦး သိန်းဇော်အဖွဲ့ဆိုပြီး ငြိမ်းချမ်းရေးကို ဆွေးနွေးကြတယ်။ ဗေဒင် ကို အဆက်ဆက် ယုံကြည်လာခဲ့တဲ့ မြန်မာအစိုးရတို့ ဒီတစ်ခေါက်မှာ ဘယ်လို ယတြာမျိုးချေပြီး နှစ်ဖွဲ့နဲ့သွားသလဲတော့ သိချင်စရာ။

ဦးခင်ညွန့်လိုပဲ အဆုံးပြန်သတ်လေမလား၊ ဖွဲ့စည်းပုံက ခွင့်ပြုထားသလို အချိန်တန်ပြီဆိုမှ မင်း အောင်လှိုင်တို့ နှင့် တိတ်တဆိတ် ညှိနှိုင်းပြီး အာဏာသိမ်းပွဲပြန်ဖြစ်လာမလား စဉ်းစားစရာတော့ တပုံကြီးပေါ့။ ဗိုလ်နေဝင်း အာဏာ သိမ်းခဲ့ပုံကလဲ ၀န်ကြီးချုပ် ဦးနုကနေ စတာ အားလုံးအသိပါ။ အပစ်အခတ် အားလုံးရပ်စဲပြီး နိုင်ငံရေး မဆွေးနွေးခင် အာဏာသိမ်းမှု ပြန်မဖြစ်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ။ ပြည်ထောင်စု အတိုင်းအတာ နိုင်ငံရေးဆွေးနွေးမှုအတွက် အချိန်ဇယားသတ်မှတ် လို့ မရအောင် တိုင်းရင်းသားအဖွဲ့အသီးသီးအား သီးခြားစီ ဆွေးနွေးခဲ့ကြတာကိုက ဒါရိုးမှ ရိုးရဲ့ လားပေါ့။ ယူအဲန်အက်ဖ်စီ အခန်းကဏ္ဍကတော့ ခုနေအတိုင်းဆိုယင် တဖြည်းဖြည်း မှေးမှိန်သွားနေပါပြီလို့ ဆိုရမည်။ ဆိုတော့ တိုင်းရင်းသားအဖွဲ့တွေအနေဖြင့် စစ်တပ်က အာဏာသိမ်းတဲ့ အခါကျမှ အရေးပေါ်အစည်းအဝေး တစ်ရပ် ပြန် လည်ခေါ်ယူပြီး အသစ်သော ခေါင်ချုပ်အဖွဲ့ ပြန်လည်ဖွဲ့ရမယ့် အနေအထားမျိုးဖြစ်ပြန်ယင် အစိုးရဖက်မှ အသာစီး ရမည်မှာ ဧကန်မလွှဲပေ။

အစိုးရဟာ အရှေ့ဖက် ကရင်နီအဖွဲ့ကို ငြိမ်းချမ်းရေး စကားကမ်းလှမ်းပေမဲ့ တပ်မတစ်ခု အင်အားတိုး နေရာချ တယ်။ ကရင်ဖက်မှာလည်း ထိုနည်း၄င်းပါ၊ ကချင်ကိစ္စကတော့ ဝေဝါးပြန်ပြီ၊ အပစ်အခတ်ရပ်စဲ တယ် ဆိုတဲ့ စကားလုံး အောက်မှာ တိုင်းရင်းသားဒေသတွေမှာ တပ်အင်အား တိုးချဲ့နေရာချနေတာကိုက ယုံရကောင်း မယုံရကောင်းတဲ့ အနေအထားဖြစ်နေပါတယ်။ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ ညှိမရ ယင် ဒီလိုပဲ ပြန် တိုက်မယ်လို့ အသိပေး လိုက်သလိုပဲ။

နှစ်ဖက် ဦးတည်တာက ထာဝစဉ် ငြိမ်းချမ်းရေးဖြစ်ပါတယ်။ တဖက်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာ့တပ် မတော်ကို ခေတ်မှီတဲ့ တပ်မတော်အဖြစ် တည်ဆောက်မယ်လို့ ပြောထားတယ်၊ သို့သော်  တိုင်းရင်းသား လက်နက်ကိုင် တွေရဲ့ နယ်မြေမှာ တပ်အင်အားတိုးချဲ့ နေရာချထားတာကိုက တိုင်းရင်းသားတွေ နလံပြန်ထူမ လာနိုင်အောင် ကြံရွယ် နေတာမဖြစ်နိုင်ဘူးလား။ ဖြစ်သင့်တာက အစိုးရဖက် ကနေ တိုင်းရင်းသား ဒေသတွေ က တစ်ချို့ တပ်စခန်း တွေကို တောင် ရုတ်သိမ်းပေးသင့်တာပေါ့၊ အခုက အပစ်အခတ်ရပ်စဲ ထားတဲ့ အက်စ်အက်စ်အေ တောင်ပိုင်း နှင့် ရင်ဆိုင် တိုက်ပွဲ ထပ်ဖြစ်နေတယ်။

နိုင်ငံတော်အတိုင်းအတာနှင့် နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်မှာ အစိုးရရဲ့ လုပ်ရပ်က တကယ့်ကို တွေဝေစရာဖြစ်နေပါတယ်။ ခုနေအတိုင်း အစိုးရဖက်က ဆက်ဆက်တိုးလာယင် အစိုးရဟာ ထာဝစဉ်ငြိမ်းချမ်း ရေးကို ဦးတည်တာမဟုတ်ပဲ မြန်မာ့တပ်မတော်ပြန်လည်တည် ဆောက်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေကို ထာဝစဉ်န လံမထူအောင် အမြစ် ဖြုတ်နေတာလို့ တထစ်ချပြောရမှာပါ။

သတိချပ်စရာတခုက ဦးသိန်းစိန်ဟာ ဗိုလ်သန်းရွှေရဲ့ ဇက် ( စ) မဲန်း လို့ ပြောကြပါတယ်။ ဗိုလ်သန်းရွှေဟာ လုံခြုံရေး ကောင်စီမှာ တကယ့်အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ဦးသိန်စိန်ဟာ အမိန့်နာခံမှု ကောင်းပြီး အထက်က ခိုင်းတဲ့အ တိုင်း တသဝေမသိမ်း လိုက်လုပ်တတ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ သိရတယ်။ ဒါကြောင့် လည်း ညောင်နှစ်ပင်ညီလာခံ ကျင်းပရေး ကော်မ ရှင်ကို ဦးစီးခိုင်းကြတာဖြစ်မှာပါလေ၊ ညီလာခံကို ငါတို့ တရက်တည်းနဲ့ ပြီးအောင်လုပ်နိုင်ပါတယ်၊ ကြည့်လို့ကောင်း အောင် အချိန်ပေး လုပ်ရတာပါလို့ ၂၀၀၇ သြဂုတ်လမှာ ပြောခဲ့ပါတယ်။ နာဂစ် မုန်တိုင်းတုန်းက နိုင်ငံခြားအကူအညီ တွေကို တားဆီးခဲ့သူဖြစ်တယ်။ ကလေးစစ်သားကိစ္စနဲ့ ပတ်သက်ပြီး ငါတို့မ လုပ်ပါဘူး၊ စစ်တပ်ကို သူတို့ဟာနဲ့ သူတို့ ၀င် လာခဲ့ကြတာပါလို့ ၂၀၀၇ ဖေဖော်ဝါရီလမှာ ခံပြောခဲ့သူလည်း ဖြစ်တယ် စသဖြင့် စသဖြင့်—

လေ့လာချက်အရ လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေး အင်္ဂါစဉ်တွင် တပ်မတော်သည် အဆင့် (၁၀) မှာ ရှိနေခဲ့သော် လည်း ထိပ်ဆုံး အင်္ဂါစဉ် (၁)ကို ကိုင်တွယ်နေတဲ့ အစိုးရ ခေါင်းဆောင်များအနေဖြင့် အဘယ်ကြောင့် တိုင်းရင်း သား ဒေသ တွေက စစ်ပွဲတွေကို ရပ်တန့်အောင်မလုပ်နိုင်ရသလဲ၊ တဲ့တဲ့ပြောရမယ်ဆိုယင် သမ္မတ ဦးသိန်းစိန် က တပ်မတော်ကာ ကွယ် ရေးစစ်ဦးစီးချုပ် မင်းအောင်လှိုင်ကို မတားနိုင်တာလဲဆိုတာက မေးစရာဖြစ်နေ ပါတယ်။ ကချင်မှာ အပစ်ရပ်ဖို့ ပြောသော်လည်း ဗိုလ်ချုပ် မင်းအောင်လှိုင်က ဘာဖြစ်လို့ မနာခံရသလဲ၊ ရှင်းပါတယ်၊ တပ်မတော် လုံခြုံရေး ကောင်စီ က ပြည်ထောင်စု အစိုးရကို ကြိုးကိုင်နေတယ်ဆိုတာပါ။

ဘာပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးကို အရိုးရှင်းဆုံး၊  အသန့်ရှင်းဆုံးနဲ့ ကမ်းလှမ်းလာတယ်လို့ ယုံကြည်ရလောက် အောင် ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်ချက်တွေကို ဦးသိန်းစိန် လုပ်သင့်ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှုကို တဖွဲ့ချင်း စီ သော်၄င်း၊  တိုင်းရင်းသား အင်အားတွေ စုဖွဲ့ထားတဲ့ ယူအဲန်အက်ဖ်စီ ဒါမှမဟုတ် အီးအဲန် စီ တို့နှင့် သော်၄င်း လုပ် သင့်ပါတယ်၊ နောက်မှဆိုတာ မသေချာပါဘူး၊ ခုကတည်းက စသင့်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ စစ်တပ် လှုပ်ရှားမှုကို ရပ်သင့်ပါတယ်။ တချို့ တပ်စခန်းတွေကို ရုတ်သိမ်းပြ သင့်တယ်။ ဒီလိုမျိုး ခိုင်လုံပြီး မြင်သာရ လောက်တဲ့ ယုံကြည်ရလောက်တဲ့ လုပ်ဆောင်မှုမျိုး မလုပ်ယင် လက်ရှိအစိုးရရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ဟာ နောက် စစ်ပွဲ အတွက် ပြင်ဆင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။