မြို့တော်ဟားခါးမှ ည ၀ိဥဉ်ခေါ် ဖောက်ထွင်းဝိဇ္ဖာ လူငယ်သုံးဦးဖမ်းဆီး

မြို့တော်ဟားခါးမှ ည ၀ိဥဉ်ခေါ် ဖောက်ထွင်းဝိဇ္ဖာ လူငယ်သုံးဦးဖမ်းဆီး
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ဇန္နဝါရီလအတွင်း အိမ်ခြေ ၁၀ လုံးမှ သိန်း ၅၀ တန်ဖိုးရှိ အိမ်တွင်း ပစ္စည်း ဖောက်ထွင်းခိုးယူသူ လူငယ်(၃) ဦးအား ယခုလ ၂၉ ရက်နေ့ညက ဖမ်းဆီးကြသည်ဟု သိရသည်။

steal items
တရားခံ သုံးဦးကို ဟားခါး လူငယ် အသင်း ( Hakha Youth Fellowship) မှ တာဝန်ရှိများက စောင့်ဖမ်း ခဲ့ကြခြင်းဖြစ်သည်။ တရားခံများမှာ လက်ရှိ ဟားခါးအခြေစိုက် ခလရ ၂၆၆ မှ ဒု တပ်ကြပ် ဆန်းမောင် ၏ သားဦး မောင် ရန်နိုင် ဆန်း( ၁၇ နှစ်)၊ တပ်ကြပ် ကျော်ဇင်ဝင်း၏ သားမောင် ကျော်ဇင်ဦး ( ၁၃ နှစ်) နှင့် သောင်းထွန်းဇော် တို့ဖြစ်ကြကြောင်း၊ ဒေသခံများက အဆိုပါ တရားခံများအား ည ၀ိဥဉ်ဟု ခေါ်ဝေါ် တင်စားကြကြောင်း သိရသည်။၊

“ ဒီကလေးတွေဟာ ဒီဟားခါးမှာ မွေး၊ ဟားခါးမှာ ကြီးပြင်းတဲ့သူတွေဖြစ်တယ်၊ ပညာရေး တဝက် တပျက်နဲ့ လမ်းမှားရောက်နေကြတယ်၊ အသက်နဲ့တောင်မလိုက်ဘူး၊တကယ့် လူတွေပဲ” ဟု ဒေသခံ တဦးက ပြောသည်။

သတင်းရရှိချက်အရ – ဇန္နဝါရီလ ၅ ရက်နေ့ညမှာ Everest Computer and Video ဆိုင်၊ Peng kaung TV Games ဆိုင်၊ သမားတော်ဆေးခန်း၊ TNT recording ဆိုင်များကို ဖောက်ထွင်းကြပြီး၊ ဇန္နဝါရီလ ၉ ရက်နေ့ညမှာ Bethel Baptist Church မှ အလှူခံပုံး၊ ဇန္နဝါရီလ ၁၂ ရက်နေ့မှာ AG Church နှင့် ပူး ဆန်းလွေဆိုင်ကို ၄င်း၊ ဇန္နဝါရီလအတွင်းမှာ စင်တာ စတိုးဆိုင်ကို ၄င်း၊ ဆတ္တား လမ်းရှိ Pi Tial Zi ဆိုင်ကို၄င်း၊ စတား လဘက်ရည်ဆိုင်ကို၄င်း၊ ဇန္နဝါရီလ ၁၈ ရက်နေ့တွင် LyLy နာရီဆိုင်ကို၄င်း ထို့အပြင် ဟန်းစတိုးဆိုင်၊ စစ်ဗျူဟာမှ ဗိုလ်မှူးတဦး၏ ကင်မရာ၊ ကွန်ပြူတာ ပစ္စည်းများ ကို၄င်း ဖောက်ထွင်းခိုးယူသွားကြသည်ဟု သိရသည်။

ခိုးရာပါ ပစ္စည်း တန်ဖိုး သိန်း ၅၀ ဖိုး ရှိမည်ဟု ရဲတဦးက ပြောကြောင်း သိရသည်။ လူငယ်အဖွဲ့မှ တရားခံ သုံးဦးဖမ်းဆီးရေးအတွက် မြို့နယ်ရဲထံ အကူအညီတောင်းကြပြီး သက်ဆိုင်ရာ ရဲက လိုအပ်သည့် ပစ္စည်းများကို ပ့ံပိုးပြီး ဖမ်းဆီးနိုင်ခဲ့ကြခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး လူငယ်အသင်းက လူဆိုးသူခိုးပပျောက်ရေးအတွက် ပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်ငိုင်နှင့် သက် ဆိုင်ရာ  ဌာန အသီးသီးထံ တင်ပြခဲ့ရာ ချင်းပြည်နယ် ၀န်ကြီး အစည်းအဝေးသို့ ချက်ချင်း တင်ပြမည်ဟု ၀န်ကြီးချုပ်က အကြောင်းပြန်လိုက်သည်ဟု လည်း ထပ်မံ သိရသည်။

Most read this week