မီဇိုရမ်ပြည်နယ် ကျေးရွာတရွာမှ ချင်းမိသားစု ၁၉ အိမ်ခြေကို ဒေသခံ လူထုက မောင်းထုတ်

မီဇိုရမ်ပြည်နယ် ကျေးရွာတရွာမှ ချင်းမိသားစု ၁၉ အိမ်ခြေကို ဒေသခံ လူထုက မောင်းထုတ်
by -
ခိုနူမ်းထုန်

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်၊ Saikhumphai ကျေးရွာတွင် နေထိုင် နေကြသော ချင်း လူမျိုးမိသားစု ၁၉ အိမ်ခြေ(လူဦးရေ ရ၀) ကို ဒေသခံလူထုက မောင်းထုတ်လိုက်ကြ သည် ဟုသိရသည်။

ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ်တွင် တည်ရှိသော Saikhumphai ကျေးရွာတွင် ချင်းလူမျိုး အများစုနေထိုင်ကြ ပြီး ယင်းတို့အထဲမှ မီဇိုရမ်ပြည်နယ် မဲဆန္ဒစာရင်းတွင် မပါ၀င်ကြသော အိမ်ထောင်စု ၁၉ စုကို ယခုလနောက်ဆုံးထားပြီး ကျေးရွာမှ ထွက်ခွါသွားကြရန် Vaphai ကျေးရွာလူထုက မောင်းထုတ်လိုက် ခြင်းဖြစ်သည်။

အိမ်ခြေ ၆၀ ရှိသော Saikhumphai ကျေးရွာသည် Vaphai ကျေးရွာအုပ်စုတွင် ပါ၀င်ပြီး ရွာသားအများစုမှာ ချင်း ပြည်နယ် ဖလမ်းမြို့နယ်မှအခြေချပြောင်းရွှေ့လာသူများဖြစ်ကြသည်။

အစက ယင်း အိမ်ထောင်စု ၁၉ စုကို ယနေ့ ဇန္နဝါရီလ ၁၆ ရက်နေ့တွင် ကျေးရွာမှ ထွက်သွားကြရန် Vaphai လူထုက ပြောဆိုကြသော်လည်း ကျန်ဖိုင်း ခရိုင် အာဏာပိုင်များက Vaphai လူထုထံ တောင်းဆိုပေး သည့်အတွက်ကြောင့် ယခုပတ် နောက်ဆုံးထားပြီး ထွက်သွားကြရန် ပြန်လည် သတ်မှတ်ပေးထားသည်ဟု Saikhumphai ရွာသားတဦးက ပြောသည်။

“ အစတုန်းကတော့ ဒီနေ့ထွက်ရမှာ၊ မထွက်ရင် Vaphai လူထုတွေ ဆင်းလာပြီး အိမ်တွေ အကုန် ဖျက်စီးပစ်မယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ ကျန်ဖိုင်းရဲတွေက အဲလိုမလုပ်ဖို့သွားတောင်းပန်တော့ တပတ်အချိန် ထပ်ပေးတယ်” ဟုသူကပြော သည်။

ထို့ကြောင့် အဆိုပါ အိမ်ထောင်စု ၁၉ စုမှ ချင်းလူမျိူးများသည် ယခုပတ်အတွင်း ယင်းကျေးရွာမှ ထွက်ခွါသွား ရမည်ဖြစ်ပြီး ထွက်မသွားသူများရှိပါက ကျန်ဖိုင်းရဲများက ကျန်ဖိုင်းမြို့ပေါ်သို့ ကားနှင့် ခေါ်ဆောင်သွား မှာဖြစ်ကြောင်း၊ အထက်အရာရှိ များ၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ကျန်ဖိုင်း ရဲအရာရှိတဦက ပြောဆိုသည်ဟု ဒေသ ခံ တဦး ကပြောသည်။

ရွာသားတချို့မှာ ရွာမှထွက်သွားရန် ပြင်ဆင်နေကြပြီဖြစ်သော်လည်း အများစုမှာမူ ဘယ်နေရာဘယ်ဒေသကို ပြောင်းရွှေ့ မည်မသိကြကြောင်း ဒေသခံကပြောသည်။

“ အများစုကတော့ ဘယ်နေရာပြောင်းမယ်ဆိုတော တွေဝေနေကြတယ်၊ ဒီတိုင်းဘဲ သူတို့အိမ်မှာ နေနေကြ တယ်၊ ဘာလုပ်လို့လုပ်ရမှန်း မသိကြဘူး၊ အရမ်းစိတ်ဆင်းရဲနေကြတယ်” ဟုသူက ဆက်ပြောသည်။

မီဇိုရမ် မဲဆန္ဒစာရင်းတွင်မပါ၀င်ကြသော အိမ်ထောင်စု ၁၉ စုကို မောင်းထုတ်ပြီးလျင် မဲဆန္ဒစာရင်းတွင် ပါ၀င်ကြသူ ကျန် ရွာသားများကိုလည်း မဲစာရင်းမှ ပယ်ဖျက်ပြီး မောင်းထုတ်ရန် စီစဉ်နေကြကြောင်း Saikhumphai ရွာသားကပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ပထမပတ်အတွင်းကလည်း Saikhumphai ကျေးရွာမှ ချင်းလူမျိူး အိမ်ခြေ ၂၂ အိမ်ကို Vaphai လူထုက မောင်းထုတ်ခဲ့ပြီးဖြစ်သည်။

ထို့နောက် ၂ လခန့်အကြာတွင် မောင်းထုတ်ခံရသော ချင်းလူမျိူးများသည် ယင်းကျေးရွာသို့ ပြန်ရောက် လာကြသည့်အတွက်ကြောင့် ယခုလို ပြန်လည်မောင်းထုတ်ခံရခြင်းဖြစ်သည်။