လက်ဝါးကားတိုင်ဖြိုလှဲမှု ကိစ္စ အရေးယူမှု မပြုပါက လူထု သုံးသောင်း လက်မှတ်ထိုးပြီး ထပ်မံအရေးဆိုမယ်

လက်ဝါးကားတိုင်ဖြိုလှဲမှု ကိစ္စ အရေးယူမှု မပြုပါက လူထု သုံးသောင်း လက်မှတ်ထိုးပြီး ထပ်မံအရေးဆိုမယ်
by -
ခိုနူမ်းထုန်

၂၈၊ ရ၊ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မုန်းချောင်း တံတားအနီး တွင် စိုက်ထူ ထားသော ခရစ်ယာန် လက်ဝါးကားတိုင်အား ကျင်ဒွေး ရွာသားများက မီးရှို့ဖြုတ်လှဲခဲ့သည့် အမှုကိစ္စကို သက်ဆိုင် ရာမှ အရေးယူမှုမပြုပါက လူထု သုံးသောင်းမှ လက်မှတ်ထိုးအရေးပြန်ဆိုမည်ဟု သိရသည်။

လက်ဝါးကားတိုင်ဖျက်ဆီးမှုကို ဒေသခံပြည်သူတဦးက တရားခံဖော်ထုတ်အရေးယူပေးရေး နေပြည်တော်သို့ တိုင်ကြား သော်လည်း သက်ဆိုင်ရာမှ လူပေါင်း ၁၀၀၀ လက်မှတ်ထိုးမှသာ အရေးယူပေးမည်ဟု တုံ့ပြန် လိုက်သဖြင့် လူပေါင်း ၁၀၀၀ လက်မှတ်ထိုးပြီး တိုင်ချက်ဖွင့်ခဲ့ရာ ယနေ့ထိအရေးယူခြင်း မရှိသောကြောင့် ယခုကဲ့သို့ပြုလုပ်ရန်စီစဉ်လိုက်ခြင်းဖြစ်သည်။

အမည်မဖော်လိုသူ ဒေသခံတဦးက “ ယင်းကိစ္စကို ပြည်နယ်ဝန်ကြီးတဦးက ပြုလုပ်ခိုင်းခြင်းဖြစ်လို့ အရေးမယူ ရဲကြတာပါ” ဟု ပြောသည်။

ဆက်လက်ပြီး “ ပြည်နယ်ဝန်ကြီးဘယ်သူဘယ်ဝါဆိုတာကိုတော့ မပြောရဲဘူး” ဟု ဆက်ဆိုသည်။

အလားတူ အဆိုပါ ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီး သရော်မှုကို အရေးယူပေးရန် ၉၊ ၁၁၊ ၂၀၁၁ ရက်စွဲပါ စာဖြင့် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၊ ၃၅၄(ယ)၊ ၃၆၄ပါ ပြဌာန်းချက် နှင့် ညိစွန်းသဖြင့် စုံစမ်းဖေါ်ထုတ်မူပြုလုပ်ပေးပြီး အရေးယူ ဆောင်ရွက်ပေးပါရန် နိုင်ငံတော် သမ္မတ ထံ တိုင်ကြားခဲ့သည်။

လုပ်ထုံးလုပ်နည်းအရ မိတ္တူကို- နာယက၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်။ က္ကဌ၊ ပြည်သူ့ လွှတ်တော်၊ နေပြည်တော်။ ဥက္ကဌ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်။ ပြည်ထောင်စုဝန်ကြီး၊ သာသနာ ရေးဝန်ကြီးဌာန၊ နေပြည် တော်။၀န်ကြီးချုပ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဟားခါးမြို့။ပြည်နယ်လူမှုရေးဝန်ကြီး၊ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ဟားခါးမြို့။ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးအား ပေးပို့ထား သည်ဟု ထပ်မံ သိရသည်။

လက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်ခန့်က စိုက်ထူ ထား ကြခြင်း ဖြစ်ပြီး ဒေသခံ တချို့ က ၂၈၊ ရ၊၂၀၁၁ ရက်နေ့တွင် ကားတိုင်ကို  မီးရှိူ့ ခုတ်လှဲသည့် အပြင် လက်ဝါးကား တိုင်ပေါ်တွင် မိန်းမ အင်္ဂါ ရုပ် ကို သရော်ထွင်းခဲ့ခြင်းဖြစ်သည်။