ဖလမ်းညီလာခံကဲ့သို့သောချင်းအမျိုးသားသွေး စည်း ညီညွတ်မှုအားသစ် တရပ် ပြန်လည် မွေးဖွား လာပြီ ဟု ချင်းအမျိုးသား တပ်ဦး၏ အဓိပတိ ကောင်စီ ဥက္ကဌ ကြီး ဒေါက်တာ ဇလှေထန်း က ယနေ့ပြော လိုက်သည်။
ပြည်တွင်းပြည်ပမှ တတ်သိပညာရှင်၊ ချင်းနိုင်ငံရေး အထင်ကရပုဂ္ဂိုလ်များ၊ မျိုးနွယ်စုံ ဒေသစုံမှသြဇာ သက္ကမရှိ ပုဂ္ဂိုလ်များတက်ရောက်သည့် ချင်းအမျိုးသားတပ်ဦး၏ ပထမအကြိမ် အရေးပေါ် ညီလာခံတွင် ချင်းအမျိုးသား တပ်ဦး၏ ရည်မှန်းချက်ဖြစ်သည့် ချင်းလူမျိုးများ ကိုယ်ပိုင်ပြဌာန်း ခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုထူ ထောင်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးအတွက် လက်တွဲ တိုက်ပွဲဝင်ကြရန် သံဓိဌာန်ချခဲ့ကြသောကြောင့် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၁၁ ဒီဇင်ဘာလ ၁၂- ၁၆ အကြား ကျင်းပသည့် ချင်းအမျိုးသားတပ်ဦး၏ ညီလာခံ သဘာပတိ မိန့်ခွန်းတွင် ဥက္ကဌ ကြီးက “ လူတယောက်မှာ ရှိတဲ့ ကိုယ်လက် အင်္ဂါတိုင်းဟာ သူ့နေရာနဲ့သူတက်ညီ လက်ညီ အလုပ် လုပ်ကြတယ်၊ အင်္ဂါတစုံတခု ချွတ်ယွင်းပါက လူစဉ်မမှီ ဖြစ်သွားတတ်တယ်၊ အဲဒါကြောင့် မျိုးနွယ်စုံတဲ့ ချင်းလူမျိုးတွေဟာ အချင်းချင်း ပ့ံပိုးပြီး အမျိုးသားနိုင်ငံရေးမှာ တက်ညီ လက်ညီပါ၀င် ဆင်နွှဲကြဖို့ တိုက် တွန်းလိုတယ်” ဟု ပြောလိုက်သည်။
အမျိုးသားသွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီအုတ်မြစ်တို့ကို ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)တွင် ချင်းပြည် သူများက ဖလမ်းမြို့တွင် မွေးဖွားပေးခဲ့ပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသား စည်းလုံးညီ ညွတ်မှုအားပျော့လာခဲ့ရကြောင်း၊ ယနေ့တွင်မူ ချင်းအမျိုးသားသွေး စည်းညီညွတ်မှု နိုင်ငံရေးဝိညဉ် ပြန်လည် နိုးထလာကြောင်း ၄င်းကို ချင်းပြည်သူတရပ်လုံးက ဖက်လှဲတကင်း ကြိုဆိုကြရန် ၄င်း၏ ချင်းလူထု တရပ်လုံး၏ ပန်ကြားလွှာတွင် ဖော်ပြထားသည်။
တဆက်တည်း ဗဟိုအစိုးရမှ ငြိမ်းချမ်းရေးကမ်းလှမ်းချက်လက်ခံပြီး ချင်းပြည်နယ်အစိုးရနှင့် ပဏာမ တွေ့ဆုံ ဆွေးနွေးမည့် အစီအစဉ်သည် နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရန် ပထမ ခြေလှမ်း ဖြစ် ကြောင်း ချင်းပြည်သူတရပ်လုံးအား ဆက်လက်အသိပေးထားသည်။
ယနေ့ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် နိုင်ငံရေးအခင်းအကျင်း သစ်များနှင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်တုံ့ပြန်ရာတွင် ချင်းအမျိုးသားတပ်ဦးသည် မိဘပြည်သူ တရပ်လုံး အပေါ် အကြွင်းမဲ့ယုံကြည်ပြီးဆောင်ရွက်သွားမည်ဟု ဆက်လက်ဖော်ပြထားသည်။
ဒေါက်တာ ဇလှေထန်းသည် မဆလ ခေတ်တွင် အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းချခံခဲ့ပြီး ၁၉၉၀ ခုနှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်အဖြစ်အ ရွေးခံခဲ့သူဖြစ်သည်။