ပြည်ထောင်စု ၀န်ကြီးက ချင်းပြည်နယ်၏ လူမှုလိုအပ်ချက်များဖြည့် ဆည်းပေး

ပြည်ထောင်စု ၀န်ကြီးက ချင်းပြည်နယ်၏ လူမှုလိုအပ်ချက်များဖြည့် ဆည်းပေး
by -
ခိုနူမ်းထုန် သတင်း

နိုင်ငံတော်အစိုးရ သစ်တောရေးရာဝန်ကြီး၊ ချင်းပြည်နယ်ဆင်းရဲမွဲတေမှုလျှော့နည်းရေး တာဝန်ခံ ဦး ၀င်းထွန်းသည် ဒီဇင်ဘာလ ဆန်းပိုင်းကပြီး ချင်းပြည်နယ် အထက်ပိုင်း မြို့တချိူ့သို့ရောက်ရှိလာပြီး ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် စွမ်းအင် အတွက် ငွေကြေးထောက်ပံ့ မှုတွေပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၃ ရက်နေ့က ဖလမ်းမြို့ကိုရောက်ရှိလာသော ၀န်ကြီးသည် မြို့မိမြို့ဖများဌာနဆိုင်ရာ အကြီးကဲများ နှင့် ဖလမ်းမြို့ တောင်ဇလပ်ရိပ်သာတွင် တွေ့ဆုံခဲ့ကြပြီး ကျန်းမာရေး၊ ပညာရေး နှင့် လျှပ်စစ်စွမ်းအင်တွေအတွက် အလှူငွေ သိန်းပေါင်း ၄၄၀ လှူဒါန်းခဲ့သည်ဟု ၀န်ကြီးနှင့်တွေ့ဆုံခဲ့သော ချင်းတိုးတက်ရေးပါတီရဲ့ လွှတ်တော်အမတ် ဦးနာ့ထန်းက ပြောသည်။
Chin-state1
ဖလမ်းမြို့ရှိ မွန်ထာ၊ ခွါဗာ အမက ကျောင်းနှစ်ခုစလုံးအတွက် သိန်း ၂၀ စီ၊ ဘွလ်ခွါ၊ ခွါးပွလ် အလယ် တန်းကျောင်း ယော ကျာ်းဆောင်ဆောက်လုပ်ရေးအတွက် သိန်း ၁၀၀ စီ၊ ဇာသွလ်၊ မန်ခဲမ်းကျေးရွာ ဟိုက်ဒရိုလျှပ်စစ်အတွက် သိန်း ၂၀ စီ နှင့် ဖလမ်း မြို့ဆေးရုံးကြီးတွက် သိန်း ၁၀၀ ပေးလှူခဲ့သည်ဟု ဦးနာ့ထန်းကပြောသည်။

ထို့အပြင် ဖလမ်း၊ လိုင်လွန်၊ ခွန်လီကားလမ်း နှင့် တလန်းဇာရ်၊ လေလဲဒ်ကား လမ်း ပြုပြင်ရေးအတွက် တာဝန်ယူဆောင် ရွက်ပေးမည်ဟုလည်း ၀န်ကြီးက ဂတိပြုခဲ့သည်ဟုသိရသည်။

ပြည်ထောင်စု ၀န်ကြီးမှ ယခုကဲ့သို့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့ပေး မှုအပေါ် ၀မ်းသာ ကြောင်း နှင့် ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်ဖြစ်သော ကြောင့် အစိုးရအနေဖြင့် ပိုမိုထောက်ပံ့ ပေးရန်လည်း လိုအပ်သည်ဟု ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံရ သော ဦးနာ့ထန်းကပြောသည်။

ဦး ၀င်းထွန်းသည် ဖလမ်းမြို့သို့ရောက်ရောက်ချင်း ၎င်းမွေးဖခင်၏ သင်္ချိုင်းကုန်းကို သွားရောက်ကြည့် ရှုခဲ့ကြောင်း ဖခင်ဖြစ်သူသည် ၁၉၇၀ ၀န်းကျင် အတွင်း  ဆောက်လုပ်ရေး အင်ဂျင်နီယာ အရာရှိတာဝန်ကို ထမ်းဆောင်စဉ် ဖလမ်းမြို့ တွင်ဆုံးပါးသွားခဲ့သူဖြစ်သည်။

ထို့နောက် ၀န်ကြီးသည် တီးတိန်မြို့သို့ ခရီးဆက်ပြီး တီးတိန် ပြည်သူ့ဆေးရုံကြီးအတွက် သိန်း ၁၀၀ ၊ မွာလ်ဇော် နှင့် တွာလ်ဇန်ကျေးရွာ လျှပ်စစ်ရရှိရေးအတွက် သိန်း ၄၀ စီ၊ ခိန်းဇန်ရွာ ကျောင်းအတွက် သိန်း ၃၀ နှင့် တီးတိန်မြို့ ဂေါက်ကွင်း အတွက် ၁၀ သိန်းပေးလှူခဲ့သည်ဟု တီးတိန်မြို့မှလူငယ်ခေါင်းဆောင်တဦး ကပြောသည်။

အလားတူ ၀န်ကြီးသည် ထန်တလန်မြို့နယ်အတွက် ကျပ်သိန်း ရ၁၆ ကူညီခဲ့ကြောင်းသိရသည်။ မည်သည့် ဌာနအတွက် ကူညီခဲ့သည်ကိုမူ အသေးစိပ်မသိရသေးပါ။ လမ်းပန်းဆက်သွယ်ရေးအဆင် ပြေစေရေးအတွက်လည်း ဂတိဂ ၀တ်ပြုခဲ့ ကြောင်းပြောကြသည်။

“ ဆင်းရဲမွဲတေမှုပဲခေါ်ခေါ်၊ ဖွံ့ဖြိုးရေးပဲခေါ်ခေါ် လမ်းပန်းဆက်သွယ်ရေး၊ကျန်းမာရေး၊ ပညာရေး နှင့် လျှပ်စစ်မီးဟာ ချင်းပြည်နယ်အတွက် အဓိက အကျဆုံးပါ” ဟု ထန်တလန်မြို့ပေါ်မှ ရပ်မိရပ်ဖတဦးက ပြောသည်။

ဒုတိယအကြိမ်မြောက်အဖြစ် ချင်းပြည်နယ်သို့ ရောက်ရှိလာသော ၀န်ကြီး ဦးဝင်းထွန်းသည် ဖလမ်း၊ထန်တလန်၊ တီးတိန် မြို့အပြင် တွန်းဇံ နှင့် ကျီခါးမြို့ကိုလည်း သွားရောက်ပြီး ငွေကြေး ထောက်ပံ့ပေး မှုများပြုလုပ်ခဲ့သည်ဟုလည်း စုံစမ်း သိရှိရသည်။ ၀န်ကြီးသည် ပြီးခဲ့သည့် ဇွန်လတုန်းကလည်းချင်းပြည် နယ်သို့ တကြိမ် လာရောက်ခဲ့ပြီးဖြစ်သည်။