၂၀၁၀ ခုနှစ်နောက်ပိုင်း ချင်းပြည်နယ်ထန်တလန် မြို့နယ်အခြေစိုက် အစိုးရစစ်တပ်များနှင့် ဒေသ ခံပြည်သူများ အကြား လူမှုဆက်ဆံရေး တနေ့ ထက်တနေ့ ပိုမို ကောင်းမွန်လာသည်ဟု သိရသည်။
“ ယခင်ကာလတွေကတော့ စစ်တပ်တွေဟာ ဒေသခံတွေကို ခပ်ရိုင်းရိုင်းဆက်ဆံတယ်၊ ဒီနှစ် ဆိုယင် အပြောအဆိုတွေ ယဉ်ကျေးလာတာကိုက စိတ်ချမ်းသာစရာပါ၊” ဟု ယခုလ ဆန်းပိုင်းအတွင်း ထန်တလန်မြို့ပေါ်မှ လူကြီး တဦးက ပြော သည်။
လက်ရှိ အစိုးရပြောနေသည်မှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ အသွင်းကူးပြောင်းနေသည်ဟု ဆိုသည်နှင့် အညီ ဒေသအတွင်း စစ်တပ်များသည် လူမှုလုပ်ငန်းတွေဟာ အစိုးရအလုပ်နဲ့သက်ဆိုင် သည်ဟု ပြောလာကြကြောင်း သိရသည်။
“ ကျတော်တို့ ရပ်ရွာကိစ္စကို ဝေါင်တူးတပ်စခန်းမှူးထံ သွားတင်ပြတော့ စခန်းမှူးက ဒါစစ်တပ်အလုပ် မဟုတ်ဘူး၊ အစိုးရကို တင်ပြပါလို့ပြောတယ်” ဟု ထန်တလန်မြို့နယ် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ဆိုသည်။
အလားတူ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း စစ်တပ်များသည် လည်း နယ်လှည့်ရာတွင် ပေါ်တာ ခေါ်ခြင်း၊ ဒေသခံ များအား ဆန်၊ ကြက် စသဖြင့် တောင်းခြင်း မရှိတော့ ကြောင်း သိရသည်။
“ စစ်တပ်တွေက လမ်းပြလောက်ပဲခေါ်တယ်၊ ရိက္ခကို ပိုက်ဆံနဲ့ ၀ယ်တယ်၊ အယင်ကလို အစုလိုက် ပေါ်တာ ထမ်းခိုင်း တာတို့၊ လုပ်အားပေးခေါ်တာတို့ မရှိတော့ သလောက်ပဲ” ဟု မတူပီမြို့နယ်၊ လိုင်လင်းပီရွာသား တဦးက လည်း ပြောသည်။
မတူပီမြို့ပေါ် အစိုးရ ၀န်ထမ်းတဦးကလည်း မိမိတို့ ဌာနဆိုင်ရာလုပ်ငန်းတွေမှာ စစ်တပ် စွက်ဖက်မှု မရှိတော့ သလောက် ဖြစ်နေကြောင်း ဆက်ဆိုသည်။
သို့သော် စစ်မက်ဖြစ်ပွားတဲ့ မြန်မာနိုင်ငံအရှေ့ဖက်ဒေသတွင်မူ အစိုးရစစ်တပ်သည် ယခင်ကထက် ဒေသခံများအား နှိပ်စက်ညှင်းပမ်းမှုများ များပြားနေကြောင်း ထိုင်းနိုင်ငံရောက် ကချင်ဒေသခံတဦးထံမှ သိရသည်။