၂၀၀၃ ခုနှစ်နောက်ပိုင်း ချင်းပြည်နယ် အတွင်း ဖွင့်လှစ်ထားသော နယ်စပ်ဒေသ၊တိုင်းရင်း သား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (၉) ခု တွင် ဘာသာရေး ကင်းရှင်းမှု မရှိကြောင်း ဒေသ ခံများက ပြောကြသည်။
ချင်းပြည်နယ် ထန်တလန်မြို့ပေါ် နတလကျောင်းတွင် ကျောင်းဆရာ ၈ ဦးအနက် ဗမာ လူမျိုး (၄) ဦး၊ ချင်းလူမျိုး (၃) ဦး၊ ယောလူမျိုး(၁)ဦးရှိသည့် အနက် ချင်းလူမျိုးနှစ်ဦးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ကျန် (၆) ဦးသည် ဗုဓ္ဒ ဘာသာ ၀င်များဖြစ်ကြောင်း ကျောင်းသား ၄၀ စလုံး ဗုဒ္ဒဘာသာဝင်များဖြစ်ကြောင်း သိရသည်။
“ ကျောင်းသား (၄၀) အနက် တဝက်ဟာ ဗမာနှင့် ကျန်တဝက်ခန့်ဟာ မင်းတပ် နှင့် ကန်ပက်လက် ချင်း ဒေသခံ တွေဖြစ်တယ်၊” ဟု ထန်တလန်မြို့ပေါ် မှ ကျောင်းဆရာ တဦးက ပြောသည်။ အလားတူ ချင်းပြည်နယ် တခြား နတလ ကျောင်း များတွင်လည်းဗုဒ္ဒဘာသာဝင်ကျောင်းဆရာ၊ ကျောင်းသားများက အများစုဖြစ်ကြောင်း ကြားသိရသည်။
ယခုလ ၈-၉ ရက်နေ့တွင် ကျင်းပသည့် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင်လည်း ချင်းပြည်နယ် နတလ ကျောင်း များတွင် ဘာသာရေးနှင့် သက်ဆိုင်သည့် အမူအကျင့်များ ပြုလုပ်စေခိုင်းမှု ရှိမရှိ ကို ချင်းအမျိုးသားပါတီကမေးမြန်း ထားသည်ဟု လည်း သိရသည်။
ထို့အပြင် ချင်းပြည်နယ်အတွင်း နတလ ကျောင်းဆရာများ ခန့်အပ်ရာတွင် ဘာသာရေးအရ အချိုးကျ ခန့်အပ်နိုင်ရန် အကြံပြု မေးမြန်းထားသည်ဟု လည်း ထပ်မံသိရှိရသည်။
နိုင်ငံတော် အစိုးရ၏ နတလကျောင်းပေါ်လစီတွင် နတလကျောင်းများတွင် လူမျိုး၊ ဘာသာစွဲ လုံးဝရှောင်ရှား ရန်ဟု ဆိုထားသည်။
ချင်းပြည်သူများသည် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဒဘာသာ၊ နတ်ဘာသာများ ကို အဓိက ကိုးကွယ်ကြရာ ခရစ်ယာန်ဘာ သာ ကိုး ကွယ်သူအများဆုံးဖြစ်ကြောင်း ပြောကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဒ ဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံ သားအများဆုံးကိုးကွယ်ရာဖြစ်သော ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအ မှတ်ပြုထားသည်ဟု ပါရှိသည်။