ချင်းပြည်နယ်တွင် ၀န်ကြီးဌာနသစ် တခုတိုး

ချင်းပြည်နယ်တွင် ၀န်ကြီးဌာနသစ် တခုတိုး
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ယနေ့ကျင်းပ သည့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး၌ ၀န်ကြီးဌာနသစ် တခု ထပ်တိုးလိုက်ပြီး ၀န်ကြီး အပြောင်းအလဲ အချို့လည်း ပြုလုပ်ခဲ့သည်။

နံနက် ၁၀နာရီတွင် စတင်ခဲ့သည့် အစည်းအဝေးတွင် လျှပ်စစ်နှင့်စက်မှု ၀န်ကြီးဌာနကို ထပ်တိုးလိုက်ပြီး ယင်းဌာန ၀န်ကြီးအဖြစ် ယခင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျင့်လျန်းပေါင်ကို ခန့်အပ်လိုက်သည်ဟု သိရသည်။

ထို့နောက် လစ်လပ်သွားသော လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် မြို့ပြ အင်ဂျင်နီယာ တဦးဖြစ်သော ဦးငွန်ဆန်းအောင်ကို အသစ် ခန့်အပ်လိုက်ကြောင်း ယနေ့လွှတ်တော်ကို တက်ရောက်နေသည့် လွှတ်တော်အမတ် ချင်းအမျိူးသားပါတီ ဥက္ကဌ ဦးဇိုးဇမ်ကပြောသည်။

‘‘ ဒါက ၀န်ကြီးချူပ်ရဲ့ လုပ်ပိုင်ခွင့်ပါ၊ ကျနော်တို့ လွှတ်တော်အမတ်တွေက အတည်ပြုပေးရတာပေါ့၊ကန့်ကွက် သူမရှိ အားလုံး သဘောတူကြပါတယ်’’ ဟု ၎င်းက ပြောသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြစ် ခန့်အပ်လိုက်သော ဦးငွန်ဆန်းအောင်နှင့် ပတ်သက်ပြီး ဦးဇိုးဇမ်က ‘‘ မြို့ပြ အင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးငွန်ဆန်းအောင်ကို ခန့်လိုက်တာ ကျနော်တော်တော် သဘောကျပါတယ်၊ လူမှန်နေရာမှန်ပါ’’ ဟု ဦးဇိုးဇမ်ကပြောသည်။

ချင်းပြည်နယ်တွင် အစိုးရသစ် စဖွဲ့စဉ်က ၀န်ကြီးဌာန ၉ ခုရှိသော်လည်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်နယ် နှင့် တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးများတွင် နိုင်ငံတော်အစိုးရက ၀န်ကြီးဌာန ၈ ခုအဖြစ် ပြန် လည်လျှော့ချခဲ့သည်။

ယင်းကိစ္စကို ချင်းအမျိူးသားပါတီဥက္ကဌ ဦးဇိုးဇမ်က ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်သည့် အတွက်ကြောင့် ယခုကဲ့သို့ ၀န်ကြီးဌာနတခုကို ပြန်လည်တိုးချဲ့ပေးခြင်း ဖြစ်သည်ဟု ဦးဇိုးဇမ်က ပြောသည်။

‘‘ လူဦး ရေ ၃ သိန်းလောက်ရှိတဲ့ ကယားပြည်နယ်မှာတောင် ၀န်ကြီးဌာန ၉ ခုရှိပါတယ်၊ လူဦးရေ ၅ သိန်း ကျော်တဲ့ ကျနော်တို့ ချင်းပြည်နယ်မှာ ဘာဖြစ်လို့ ၀န်ကြီးဌာန ၈ ခုတည်းရှိရမှာလဲဆိုပြီး ကျနော်က ကန့်ကွက်လိုက်တယ် အခု ဒီနေ့မှာ လွှတ်တော်အစည်းအဝေးပြန်ခေါ်ပြီး ၀န်ကြီးဌာန ၉ ခုပြည့်အောင် ပြန်ဖြည့်ပေးလိုက်တာပါ’’ ဟု ၎င်းကပြောသည်။

ယခင် ချင်းပြည်နယ်အစိုးရ ၀န်ကြီးဌာနများမှာ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တော နှင့် သတ္တုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဌာန၊ လူမှုရေး ၀န်ကြီးဌာန၊ စည်ပင်သာယာရေး ၀န်ကြီးဌာနတို့ ဖြစ်သည်။

ယခုအခါ ချင်းပြည်နယ်တွင် ၀န်ကြီးဌာန ၉ ခုရှိလာတော့မည်ဖြစ်ပြီး ၀န်ကြီးလည်း ၉ ဦး ရှိမည်ဖြစ်သည်။

အထူးအစည်းအဝေးကို မိနစ် ၃၀ သာ ကျင်းပခဲ့ပြီး အသက် ၃၅နှစ် မပြည့်သော ကြောင့် ၀န်ကြီးရာထူးမှ ပယ်ချခံရသော ဦးကွီထန်းအား ပြန်လည်ခန့် အပ်ရေးကိစ္စနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှု မရှိခဲ့ကြောင်း သိရသည်။

Most read this week