ချင်းပြည်နယ် အထူး လွှတ်တော်အစည်းအဝေး ၀န်ကြီးသစ်ခန့်ရန်ရှိ

ချင်းပြည်နယ် အထူး လွှတ်တော်အစည်းအဝေး ၀န်ကြီးသစ်ခန့်ရန်ရှိ
by -
ခိုနူမ်ထုန် သတင်းဌာန

ချင်းပြည်နယ်၏ ပြည်နယ်လွှတ်တော် အထူးအစည်း အဝေးတရပ်ကို စက်တင်ဘာ ၂၂ ရက်နေ့တွင်ခေါ်ယူ ကျင်းပမည်ဟု သိရ သည်။

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့လွှတ်တော်အဆောက်အအုံတွင် ကျင်းပမည့် အထူး လွှတ်တော်အစည်း အဝေး၌ ဆွေးနွေးမည့် အကြောင်းအရာများတွင် ၀န်ကြီးသစ်ခန့်အပ်ရန် ပါ၀င်ကြောင်းကြားသိရ သည်ဟု ချင်းပြည်နုယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက ပြောသည်။

‘‘၀န်ကြီးအသစ်တိုးမှာပါ၊ ပထမ က ၈ ယောက်ပဲရှိတာ’’ဟု ဦးကျော်ငြိမ်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန် အစိုးရသစ်တက်လာပြီး ချင်းပြည်နယ် အစိုးရ ဖွဲ့စည်းစဉ်က ၀န်ကြီးအဖွဲ့တွင် ၀န်ကြီး ၉ ဦးရှိသော်လည်း အသက် ၃၅ နှစ်မပြည့်သေးသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ကြံ့ဖွံ့)၀န်ကြီး ဦးကွီထန်းကို ချင်းပါတီများက ကန့်ကွက်ခဲ့ကြသောကြောင့် ပြန်လည်ပယ်ချခံရပြီး ယခုချိန်အထိ ၀န်ကြီး ၈ ဦးသာ ရှိခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၅) အုပ်ချုပ်ရေး အခန်း ပုဒ်မ၂၆၁(က)တွင် တိုင်းဒေသကြီ(သို့မဟုတ်) ပြည်နယ်ဝန်ကြီးသည် အသက်၃၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဟု ပါရှိသည်။

အသစ်ပြန်လည် ခန့်အပ်မည့် ၀န်ကြီး မည်သူဖြစ်သည်ကိုမူ မသိရသေးသော်လည်း အသစ်တိုးချဲ့မည့် ၀န်ကြီးဌာနမှာ လျှပ်စစ်နှင့် စက်မှု ၀န်ကြီးဌာန ဖြစ်မည်ဟု ဦးကျော်ငြိမ်းက ပြောသည်။

ချင်းပြည်နယ်အစိုးရ ၀န်ကြီးဌာနများမှာ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေး နှင့်အခွန်ဝန်ကြီး ဌာန၊ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီးဌာန၊ စိုက်ပျိူးရေး နှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တော နှင့် သတ္တုဝန်ကြီးဌာန၊ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဌာန၊ လူမှုရေး ၀န်ကြီးဌာန၊ စည်ပင်သာယာရေး ၀န်ကြီးဌာနတို့ဖြစ်သည်။

၀န်ကြီးအသစ် ခန့်မည်ဆိုပါက ဦးကွီထန်းကို ပြန်လည်ခန့်အပ်ရန် အဆိုတင်သွင်းမည်ဟု ချင်း အမျိူးသားပါတီ ၏ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင် က ပြောသည်။

‘‘သူ့ကို ၀န်ကြီးအတွက် အရင်ကတည်းက ရာထားပြီးသားဖြစ်တယ်၊ အခု အသက်လည်း ပြည့်ပါပြီ၊ ပြီးတော့ သူက Gospel for Asia အသင်းတော်လူကြီးဖြစ်တယ်၊ ရိုးသားတယ်၊ သူ့ကို အနာဂါတ်အတွက်မျှော်လင့်ချက် ထားတယ်’’ဟု ဆလိုင်း ကျဲအိုဘိခ်ထောင် က ပြောပြသည်။

ထို့အပြင် လက်ရှိ ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးကျင့်လျန်းပေါင် ၏ နေရာတွင် မကြာသေး ခင်က ပင်စင်ယူ သွားသည့် ချင်းပြည်နယ် ဆောက်လုပ်ရေးအရာရှိ ဦးငွန်ဆန်းအောင်ကို ၀န်ကြီးအဖြစ် အစားထိုးခန့်အပ်မည် ဟူသည့် သတင်း လည်း ထွက်ပေါ်နေသည်။

မနက်ဖြန် စတင်ကျင်းပမည့် ချင်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေးတွင် မေးခွန်း နှင့် အဆိုတင် သွင်းခြင်း ရှိ မည်မဟုတ် ကြောင်း၊ အစည်းအဝေးမှာ၂ ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ချင်းပြည်နယ်အပါအဝင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့က တကြိမ် ခေါ်ယူခဲ့သည်။

ချင်းပြည်နယ်အနေဖြင့် ယခုအကြိမ််သည် ဒုတိယအကြိမ််မြောက်ဖြစ်သည်။

ယင်း ပြည်နယ် လွှတ်တော် အစည်းအဝေးများကို ပုံမှန်၊ အထူး နှင့် အရေးပေါ် အစည်းအဝေးများ ဟူ၍ ခွဲခြားကျင်းပရန် သတ်မှတ် ထားသည်။

ချင်းပြည်နယ်၏ လက်ရှိအစိုးရ ၀န်ကြီးမျာမှာ -

ဦးဟုန်းငိုင်း                            ၀န်ကြီးချူပ် (ကြံ့ဖွံ့)

(၁) ဗိုလ်မှူးကြီး ဇော်မင်းဦး               လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး(စစ်တပ်)

(၂) ဦးနန်ဇမုန်း                             ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး (ကြံ့ဖွံ့)

(၃) ဦးရမ်မန်း                               စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး (ချင်းအမျိူးသားပါတီ)

(၄) ဦးဗန်ထောင်                           စိုက်ပျိူးရေး နှင့် မွေးမြူရေးဝန်ကြီး (မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း ပြည်နယ်မန်နေဂျာအငြိမ်းစား)

(၅) ဦးကျော်ငြိမ်း                          သစ်တော နှင့် သတ္တုဝန်ကြီး (ချင်းတိုးတက်ရေးပါတီ)

(၆) ဦးကျင့်လျန်းပေါင်                   လမ်းပန်းဆက်သွယ်ရေးဝန်ကြီး(ကြံ့ဖွံ့)

(၇) ဒေါက်တာဘမောင်                   လူမှုရေးဝန်ကြီး(ရှေးဟောင်းသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ်အငြိမ်းစား)

(၈) ဦးနိန်နိုင်း                             စည်ပင်သာယာရေးဝန်ကြီး(ကြံ့ဖွံ့)

တို့ဖြစ်သည်။