နိုင်ငံရေးအကျဉ်းသား လွှတ်ရန် အိန္ဒိယ အမတ် ၁၀၀ ကျော် တောင်းဆို

နိုင်ငံရေးအကျဉ်းသား လွှတ်ရန် အိန္ဒိယ အမတ် ၁၀၀ ကျော် တောင်းဆို
by -
ခိုနူမ်ထုန် သတင်းဌာန

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ချက်ချင်းလွှတ်ပေးရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရကို အိန္ဒိယပါလီမန်လွှတ်တော် အမတ် ၁၀၀ ကျော်က ယနေ့ တောင်းဆိုလိုက်သည်။

Indian-Parliament

လွှတ်တော်အမတ် ၁၀၀ ကျော်ပါ၀င်သည့် မြန်မာ့ဒီမိုကရေစီရေးအတွက်အိန္ဒိယလွှတ်တော်အမတ်များ အဖွဲ့(IPFDB )က ယနေ့ညနေပိုင်းက အိန္ဒိယမြို့တော် နယူးဒေလီတွင် သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပပြီး နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရန် လက်မှတ်ထိုး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အမတ်များက ၎င်းတို့စုပေါင်းလက်မှတ်ထိုးထားသော စာကိုလည်း သမ္မတ ဦးသိန်းစိန်ထံ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် မှတဆင့် ပို့ဆောင်မည်ဟု သိရသည်။

အိန္ဒိယ ပါလီမန်တွင် အထက် လွှတ်တော်နှင့် အောက် လွှတ်တော် အမတ် စုစုပေါင်း ၅၀၀ ကျော်ရှိ သည့်အနက် အနိုင်ရပါတီ အမတ်နှင့် အတိုက်အခံပါတီများမှ အမတ်ပေါင်း ၁၀၀ ကျော်က ယခုကဲ့သို့ လက်မှတ်ရေးထိုးတောင်းဆိုခြင်းဖြစ်သည်။

ယခုလက်မှတ်ရေးထိုးသူများတွင် ၀ါရင့်အမတ်များနှင့် ၀န်ကြီးဟောင်းတချိူ့အပါအဝင် အထင်ကရ လွှတ်တော်အမတ် အချို့လည်း ပါ၀င်ကြောင်းသိရသည်။

လွှတ်တော်အမတ်များ၏ ယခုလုပ်ဆောင်ချက်သည် အိန္ဒိယအစိုးရ၏ ပေါ်လစီကိုလည်း တစုံတရာ လွှမ်းမိုးလာနိုင်လိမ့်မည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးရ ၏ပြန်ကြားရေး ၀န်ကြီး ဒေါက်တာတင့်ဆွေ က ပြောသည်။

‘‘လွှတ်တော် အမတ်တွေရဲ့အသံတွေကို အုပ်ချူပ်နေတဲ့အစိုးရကလည်း လေးစားတယ်၊ သူတို့အသံဟာ လက်ရှိ အုပ်ချူပ်နေတဲ့ အစိုးရရဲ့အသံပြီးရင် လွှတ်တော်ထဲမှာတော့ အမြင့်ဆုံး ဖြစ်တဲ့အတွက် သူတို့ရဲ့လုပ်ဆောင်ချက်ဟာ အရေးပါသလို အစိုးရရဲ့ပေါ်လစီကိုလည်း တစုံတရာ လွှမ်းမိုးနိုင်မယ်လို့ မျှော်လင့်တယ်’’ဟု သူက ဆိုသည်။

အိန္ဒိယအစိုးရသည် ယခင်က မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့သော်လည်း ၁၉၉၃ ခုနှစ် အရှေ့မျှော်ဝါဒ ကျင့်သုံး လာသည့် နောက်ပိုင်းကစ၍ မြန်မာစစ်အစိုးရနှင့်ရင်းရင်းနှီးနှီးဆက်ဆံမှုပြုလုပ် လာကာ မြန်မာ့ဒီမိုကရေစီအရေးတွင်လည်း နှုတ် ဆိပ်လာနေခဲ့သည်။

မြန််မာအစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချူပ်မှ လွှတ်ပေးလိုက်ခြင်းကို ကြိုဆိုကြောင်း သို့သော် ၎င်း တဦးတည်း လွှတ်ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူး ပြောင်းလာရန်အတွက် လုံလောက်မှုမရှိကြောင်း အိန္ဒိယ အမတ်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ပထမအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြ ထားခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနားကို နယူး ဒေလီမြို့တွင် ကျင်းပစဉ် က ဒေါ်အောင်ဆန်းစုကြည် ပေးပို့လိုက်သော ဗီဒီယို သဝဏ်လွှာထဲတွင် အိန္ဒိယပြည်သူများအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကူညီကြရန်ပြောဆို ခဲ့သည့်နောက် အိန္ဒိယ လွှတ်တော် အမတ်များက ယခုကဲ့သို့တောင်းဆိုလာကြခြင်း လည်းဖြစ်သည်။