ဟားခါးမြို့တုပ်ကွေးအန္တရာယ် ထိပ်ဆုံးရောက်နေ

ဟားခါးမြို့တုပ်ကွေးအန္တရာယ် ထိပ်ဆုံးရောက်နေ
by -
ခိုနူမ်ထုန် သတင်းဌာန

ယခုနှစ် သြဂုတ်လ တတိယပတ်မှ စပြီး ချင်းပြည် နယ်ဟားခါးမြို့တော်တွင် ကျရောက်သည့် တုပ်ကွေး ရောဂါသည် ထိပ်ဆုံး ရောက် နေသည်ဟု ဒေသခံလူကြီးတဦးကပြောသည်။

မြို့ပေါ်ရှိ မူလတန်းကျောင်းတချို့သည် ကလေးတွေ တုပ်ကွေးရောဂါကြောင့် ကျောင်းပိတ်ရသည့် အဆင့်ဖြစ် သွားပြီး လူကြီး ၄ ဦးသည်လည်းတုပ်ကွေးရောဂါကြောင့် သေဆုံးသွားကြကြောင်း သိရသည်။
ချင်းပြည်နယ်ဟားခါးမြို့
” ရဲမိသားစု မူလတန်းကျောင်းကတော့ နှစ်ရက်ပိတ်ပစ်လိုက်တယ်၊ ကျောင်းတက်သူမရှိလို့ အနည်းဆုံး တအိမ်တ ယောက်နှုန်း ဖျားကြတယ်၊ ယခင်နှစ်ကအဲလောက်မဟုတ်ဘူး”  ဟု ကျောင်းသား မိဘတဦးက ပြောသည်။

ယခုကဲ့သို့ တုပ်ကွေးရောဂါဖြစ်ပွားခြင်းသည် မိုးများလွန်းသောကြောင့် ဖြစ်နိုင်ကြောင်း နှစ်စဉ် မိုးရာသီတွင် ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း ယခုနှစ်သည် ပိုမိုဆိုးဝါးကြောင်း ယခုအထိ မိုးဆက်လက်ရွာနေကြောင်း ဆေး ဆရာမ တဦးက ပြောသည်။

” ရောဂါလက္ခဏာက တုပ်ကွေးပေါ့။ မနှစ်ကထက် ဆိုးတယ်၊ မနေ့ကဆို ကလေး ကုတင်မဆန့်တော့လို့ ကြမ်းပြင်မှာပဲ နေရာချပေးရတာနော်၊ မနက်ကပဲ လူနာ ၅ ဦးအရေးပေါ်ဆေးရုံတင်ရတယ် ” ဟု ပြောသည်။

ယခုလက်ရှိတွင် ဟားခါး မြို့ပေါ်၌ ဆရာဝန်ကြီးတဦးသာ ရှိကြောင်း တခြားလက်ထောက်ဆရာဝန်များသည် ခရီးလွန်သွားကြကြောင်း ထို့ကြောင့် ဖလမ်းမြို့မှ ဆရာဝန်နှစ်ဦးအား တပတ်အတွက် ဆင့်ခေါ်ရကြောင်း သိရသည်။

” ပြည်သူ့ဆေးရုံမှာ ဆရာဝန်တွေ တဦးမျှှမရှိဘူး၊  ပြီးတော့ မာတာရိပ် နဲ့ ကြွယ်ကြွယ် ပုဂ္ဂလိကဆေးခန်းမှာ လည်း ဆရာဝန်တွေမရှိတော့ ဆေးခန်းပိတ်လိုက်ရတယ်၊ ပြည်သူတွေ အင်မတန်ဒုက္ခရောက်တယ် ” ဟု ဒေသခံ လူကြီးတဦးက ပြောသည်။

ထို့အပြင် ဟားခါးမြို့ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျမည့် သမားတော်ကြီးသည် ယခုထိမရောက် ရှိသေး သဖြင့် ဆေးရုံ အုပ်ကြိးက အထက်သို့တိုင်ကြားထားကြောင်း ပြောကြသည်။

” ဒီလောက်ဖြစ်နေတာတောင်မှ အရိုးအထူးကု ဆရာဝန်လည်း မနေ့က အစည်းအဝေးတက်မယ်ဆိုပြီး ခရီးထွက်သွားပြန် တယ် ” ဟု ဒေသခံတဦးက ပြောသည်။

ကုတင် ၂၀၀ ဆန့် ဟားခါးမြို့ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် လူနာများဖြင့် ပြည့်ကျပ်နေကြောင်း။ အထူးသဖြင့် ကလေး တွေ ပိုမိုများပြားကြောင်း သိရသည်။

Most read this week