နအဖစစ်အစိုးရ၏ စစ်မှုမထမ်း မနေရအမိန့်ကြောင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်မှ ချင်းအမျိုးသမီး ၄ ဦး တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေး တိမ်းရှောင်လာကြ ...
နအဖစစ်အစိုးရ၏ စစ်မှုမထမ်း မနေရအမိန့်ကြောင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်မှ ချင်းအမျိုးသမီး ၄ ဦး တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေး တိမ်းရှောင်လာကြသည်။
ဖေဖေါ်ဝါရီလ ရ ရက်နေ့မှ စပြီး ကလေးမြို့အခြေစိုက် စုဆောင်းရေးတပ်က စစ်မှုမထမ်းမနေရ အမိန့်အတိုင်း အသက် ၁၈ နှစ် မှ ၄၅ နှစ်အကြားအမျိုးသား နှင့်အသက် ၁၈- ၃၅ ကြား အိမ်ထောင်သည် မဟုတ်သည့် အမျိုးသမီးများ အမည်စာရင်းကို လိုက်လံပြုစုနေသဖြင့် ယခုကဲ့သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။
“ကလေးမြို့တောင်ဖီလာရပ်ကွက် နှင့် တာဟန်းရပ်ကွက်မှာတော့ ကောက်နေကြတယ်၊ကျမတို့ ၄ ဦးကတော့ အိမ်က နေချက်ချင်းထွက်ပြေးလာကြတယ်၊နောက်လည်းထွက်ပြေးလာကြအုံးမည်ထင်တယ်” ဟု မီဇိုရမ်ရောက် တောင်ဖီလာ ရပ်ကွက်နေ အမျိုးသမီး တဦး ကပြောသည်။
စစ်သင်တန်းကို ဘယ်ချိန်စတင်မလည်းဆိုတာ မသိရသေးသော်လည်း သင်တန်းကို မူကလေးမြို့နယ် အင်းတိုင်ကြီး စစ်ရေး လေ့ကျင့်ရေးကျောင်းတွင်ပို့ချဖွယ်ရှိသည်ဟု စစ်တပ်အသိုင်းအဝိုင်းထဲက ပြောကြသည်။
အဆိုပါ အမျိုးသမီးက ဆက်လက်ပြီး “ကျမတို့ပြည်တွင်းကိုမပြန်ရဲကြတော့ဘူး၊ ဒုက္ခသည်လျှောက်မလား၊ ဘာလုပ်မလဲ ဆိုတာ ဘာမှ မရေရာသေးဘူး၊မိဘတွေကလည်း အိမ်ကို မပြန်လာစေချင်ကြဘူး” ဟု ပြောသည်။
ယခုလ ဖေဖေါ်ဝါရီနောက်ဆုံးပတ်အတွင်း ပလက်ဝမြို့နယ်၊လယ်တဲကျေးရွာသားနှစ်ဦးကိုလည်း ဒေသခံ ရှင်းလက်ဝ စစ် သားတွေကအတင်းဖမ်းဆီးပြီး တပ်ထဲသွင်းလိုက်ကြောင်း သိရသည်။
အလားတူ ယခုလဆန်းပိုင်းကစ၍ ဖလမ်းမြို့နယ် သွီးဘွလ်အခြေစိုက်နအဖစစ်သားများကမိမိတို့၏ကျေးရွာအတွင်းရှိ အ သက် ၁၈ နှစ်မှ ၄၅ နှစ်အကြား ကျား၊မအမည်စာရင်းများကို ကောက်ခံရန် သက်ဆိုင်ရာကျေးရွာဥက္ကဌအ သီးသီး ကိုအကြောင်းကြားခဲ့သည်ဟု ဒေသခံတဦးကပြောသည်။
“ရပ်ကွက်ဥက္ကဌနှင့်အဖွဲ့ဝင်တွေက ၁၈ နှစ်ကနေ ၄၅ နှစ်အကြားယောကျာ်း၊မိန်းမဟူသမျှအမည်စာရင်းတွေကို ကောက်ခံ နေကြတယ်၊ ဘာအတွက် ကောက်ခံတယ် ဆိုတာကိုတော့ သူတို့က မပြောပြဘူး၊ ဒီတိုင်းနာမည်စာရင်းဘဲ လာကောက်သွားတယ် ဟု သွီးဘွလ်ရွာသားများ တွေ့ဆုံခဲ့သည့် ချင်းလူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောသည်။
စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများစစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်းပြင်ပသို့ပေါက်ကြားလာခဲ့သည်။
အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု၂ နှစ်ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုး မြှင့် နိုင်ကြောင်း၊စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ်သို့မဟုတ် ငွေဒဏ်၊ သို့မ ဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်း စေရန်လုပ် ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်း သူများနှင့် မိခင်များမှအပသတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်း ရမည်၊ထောင်တွင်း အကျဉ်းကျ ခံ နေရသူများနှင့် သက်ကြီးရွယ်အိုများကိုစောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ ဆိုင်းနိုင်သော်လည်း နောက် ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်ဟု ပါရှိကြောင်းသိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ်တွင် ရပ်ကွက်လူကြီးများက ကျေးရွာ အ တွင်းရှိ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား ယောကျာ်း၊မိန်းမ အမည်စာရင်းများကိုကောက်ခံခဲ့ပြီးဖြစ်သည်။
စစ်မှုမထမ်းမနေရအမိန့်ကို အကောင်အထည်ဖော်ဆောင်လာပါက ချင်းလူငယ်များ ပြည်ပသို့ ထွက်ခွါမှုယခင်ကထက် ပိုမို များပြားလာနိုင် သည်ဟု ပြောကြသည်။