၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (အဲန်ယူပီ) လွတ်တော်ကိုယ်စားလှယ် လောင်းများအား သက်ဆိုင်ရာ ဗဟိုပါတီမှ ကျပ်ငွေ ၅ သိန်းစီ ကျခံ....
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (အဲန်ယူပီ) လွတ်တော်ကိုယ်စားလှယ် လောင်းများအား သက်ဆိုင်ရာ ဗဟိုပါတီမှ ကျပ်ငွေ ၅ သိန်းစီ ကျခံပေးမည်ဟု သိရသည်။
ချင်းပြည်နယ် အဲန်ယူပီ ပါတီစည်းရုံးရေးမှူး ဦးဟာလိန်းက ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်က ဖလမ်းမြို့ရှိ ၎င်းတို့ ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောသွားခြင်း ဖြစ်သည်။
“ချင်းပြည်နယ်အပြင် ကယားပြည်နယ်က ကိုယ်စားလှယ်လောင်းတွေကိုလည်း ဗဟိုပါတီကနေ ထောက်ပံ့ သွားမယ်လို့ ဦးဟာလိန်းက ပြောတယ်” ဟု ဖလမ်းမြို့နယ် အဲန်ယူပီပါတီဝင် တဦးက ပြောသည်။
ယခုကဲ့သို့ ပါတီမှ ထောက်ပံ့သွားခြင်းသည် ကိုယ်စားလှယ်လောင်းများသည် ငွေကြေး ချို့တဲ့ခြင်းနှင့် ၎င်းတို့ ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒ မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။ ထို့အပြင် လူထု အနေဖြင့် တစည ပါတီကို စိတ်ဝင်စားမှူ နည်းပါးကြောင်း သိရသည်။
“လူထုက ဒီ ကျတော်တို့ ပါတီကို နေဝင်း ပါတီ ဆိုပြီး သရော်ကြတယ်။ အနိုင်ရဖို့က တော်တော်ကို စည်းရုံးရမယ်။ အခု ဖလမ်းမြို့နယ်မှာ တစည ပါတီဝင် ၆၀၀ ခန့် ရှိတယ်” ဟု ဒေသခံ တစည ပါတီခေါင်းဆောင် တဦးက ပြောသည်။
၎င်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းတိုးတက်ရေးပါတီမှ ဦးနာ့ထန်းက တစည ပါတီသည် မဆလ ခေတ်တုန်းက ပါတီအသုံးအဆောင်၊ အဆောက်အဦးတွေ ၎င်းတို့ လက်ထက်မှာ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ငွေကြေး ထောက်ပံ့ မှူတွေ လုပ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တစည ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ထားပြီး ဖြစ်သည်။ ဖလမ်းမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်နယ် လွှတ်တော်တွင် ဦးထန်ကိမ်းနှင့် ဦး Lalthianghlim တို့ဖြစ်ကြပြီး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦး Santhang (မြို့နယ် ပညာရေးမှူး အငြိမ်းစား)နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦး Ca mang (ဥပဒေရေးရာအရှိ အငြိမ်းစား) နှင့် ဦးသက်မောင် (မြို့နယ် ပညာရေးမှူး အငြိမ်းစား) တို့ ဖြစ်ကြသည်ဟု သိရသည်။
ချင်းပြည်နယ် အခြားမြို့နယ်များမှ တစည ပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းများကိုမူ မသိရှိရသေပေ။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပေးတော့မည် ဖြစ်သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးသည် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ကျပ်ငွေ ၅ သိန်းစီ ပေးသွင်းရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်။
သို့သော်လည်း ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများက လွှတ်တော်ကိုယ်စားလှယ် တဦး ကျပ်ငွေ ၅ သိန်းပေးသွင်း ရမည် ဆိုသည့် အချက်ကို ပြန်လည်လျော့ချပေးရန် ရွေးကောက်ပွဲ ကော်မရှင် ထံသို့ တောင်းဆိုမှုတွေလည်း ရှိနေပါသည်။