မြန်မာနိင်ငံအနောက်ဘက် ချင်းပြည်နယ် တီးတိန်းမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ နယ်လှည့်စစ်သား များက နွားကုန်သည်များထံမှ နွားကောင်ရေ ၂၀ ကို ယခုလ ၁၂ ရက်နေ့တွင် အကုန်သိမ်းယူ....
မြန်မာနိင်ငံအနောက်ဘက် ချင်းပြည်နယ် တီးတိန်းမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ နယ်လှည့်စစ်သား များက နွားကုန်သည်များထံမှ နွားကောင်ရေ ၂၀ ကို ယခုလ ၁၂ ရက်နေ့တွင် အကုန်သိမ်းယူသွားသည်ဟု သိရသည်။
“ငွေပေးလို့လဲ မရဘူး၊ စစ်တပ် မကောင်းကြောင်းတွေ ပြည်ပသတင်းဌာနတွေကို သတင်းပေးနေကြလို့ သိမ်းမယ်လို့ ဆိုပြီး ကျတော်တို့ နွားတွေကို အကုန် သိမ်းလိုက်တယ်” ဟု နွားကုန်သည်က ပြောသည်။
အဆိုပါ နွားကုန်သည်များသည် စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ချင်းစု ကျေးရွာသားများ ဖြစ်ကြပြီး နွားကောင်ရေ ၂၀ကို တဖက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်သို့ ရောင်းရန် ဆွဲလာစဉ် တီးတိန်မြို့နယ် ဒါရ်ခိုင်ရွာတွင် ယခုကဲ့သို့ စစ်တပ်က ဖမ်းဆီးပြီး သိမ်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါ နွားကုန်သည်က ဆက်လက်ပြီး “ကျတော်တို့ ဒီနွားတွေကို စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ တကောင် ကျပ်ငွေ ၂ သိန်းနှင့် သုံးသိန်းကြားမှာ ပေးဝယ်ရတယ်၊ နွား ၂၀ ကောင်အတွက် ကျပ်ငွေ ၆ သိန်း ပေးပြီး တောင်းပန်ပေမဲ့ မရဘူး၊ အကုန်သိမ်းတော့တာပဲ” ဟု ပြောသည်။
ချင်းပြည်နယ် အခြေစိုက် စစ်တပ်များသည် ယခင်ကာလများတွင် နွားကုန်သည်များထံမှ နွားများကို ဖမ်းဆီးပြီး ငွေဖြင့် ပြန်လည်ရွေးခိုင်းကြောင်း၊ တကောင်လျှင် ကျပ်ငွေ တသောင်းမှ နှစ်သောင်းကြား အခွန်ဆောင်ခိုင်းလေ့ ရှိကြောင်း သိရသည်။
ပြည်တွင်းမှ နွားကုန်သည်များသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့နိုင်ငံများအပြင် မလေးရှားနိုင်ငံအထိ နွားများကို ခြေလျင်ဖြင့်သော်လည်းကောင်း၊ သင်္ဘောဖြင့်သော်လည်း တင်ပို့ရောင်းချနေရာ တနေ့တွင် နွားအကောင် ရေ ၅၀၀ မှ ၁၀၀၀ အကြား တင်ပို့လေ့ရှိသည်ဟု ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများ ဖြစ်ကြသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း စသည့် ဒေသများမှ နွားများကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် နအဖစစ်တပ်၊ ရဲ၊ ထောက်လှမ်းရေးနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက နည်းမျိုးစုံဖြင့် နွားကုန်သည်များထံ ငွေကောက်ခံခြင်း၊ နွားများ သိမ်းဆည်းခြင်းများ ပြုလုပ်နေလျက်ရှိသည်။