မူးယစ်ဆေးဝါးရောင်းဝယ်သူ ရ ဦးကို အသင်းတော်မှ ဖမ်းဆီးသတိပေး

မူးယစ်ဆေးဝါးရောင်းဝယ်သူ ရ ဦးကို အသင်းတော်မှ ဖမ်းဆီးသတိပေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကချင်စုရပ်ကွက် လဖ (La Hpa) စက်လှေဂိတ်တဝိုက်တွင် နေထိုင်သော အိမ်များမှ မူးယစ်ဝါးရောင်းဝယ်သူ ရ ဦးအား အသင်းတော်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ နိုဝင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးစစ်ဆေး၍ သတိပေးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများသည် ဦးကျော်တင်ကို (ခေါ်) မောင်ကျော် ၃၄ နှစ်၊ ဒေါ်ခင်ကြည် ၅၄ နှစ်၊ ဒေါ်အားရွှေ (ခေါ်) ခေါန်ရှောင် ၃၄ နှစ်၊ ဒေါ်အားလီ ၃၁ နှစ်၊ ဒေါ်ဂျာရွယ် ၅၅ နှစ် ဦးမင်းထိုက် ၃၁ နှစ်နှင့် ဦးအောင်နိုင်လင်း ၂၉ တို့ အား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ KNG ကချင်သတင်းဌာန သို့ပြောသည်။

drug-free-kachin-state

ဖမ်းဆီးထားသူများအား ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း) ကျွန်းပင်သာ ဘုရားကျောင်းဝန်းတွင် စစ်ချက်ယူချိန် "ရောင်းဝယ်သူများဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်း" မူးယစ်တိုက်ဖျက်ရေးအဖွဲ့ အောင်မြင်သာ ရိုမန်ကတ်သလစ်မှ ဆရာမျိုးဆိုင်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းတို့အား နံနက် ၄ နာရီတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ရာ မူးယစ်ဆေးများကို ယာမထည့်သည့် ပုလင်းများ၊ ပိုက်များ၊ ဆေးထိုးပြွန်များ၊ ဆေးလိပ်အခွံများနှင့် အဆက်အသွယ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် အဆိုပါ လဖစက်လှေဂိတ်တွင် မူးယစ်ဆေးရောင်းဝယ်မှု နာမည်ကျော်ဇောနေသောကြောင့် ထိုသို့နေအိမ်များသို့ အဓိကဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၄င်းတို့အား အသင်းတော်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ၄င်းတို့အား စစ်ချက် ယူပြီးနောက် မူးယစ်ဆေးများပြန်ရောင်းလျှင် အားလုံး အချုပ်ခန်းသို့ပို့မည် ဖြစ်ကြောင်းနှင့် ဥပဒေအရ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဝန်ခံဂတိလက်မှတ်ထိုးခိုင်းကာ ပြန်လွှတ်လိုက်သည်ဟု မူးယစ်ဆေးဝါးအဖွဲ့သတင်း ဆက်ဆိုသည်။

မူးယစ်တိုက်ဖျက်ရေးအဖွဲ့သည် ဖမ်းဆီးမှုများကို မန်ခိန်၊ ရွှေစက်၊ စီတာပူ၊ အင်ဂျန်ဒုံ၊ ကျွန်းပင်သာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ ကျွန်းပင်သာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (မူရင်း)၊ ကချင်နှစ်ခြင်းခရစ်ယာန် မြစ်ကြီးနား မြို့အသင်းတော်၊ တန်ဖရဲရိုမန်ကတ်သလစ် ဘုန်းတော်ကျောင်း တို့တွင် အဖွဲ့အင်အား ၁၀၀ ကျော်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့တွင် မူးယစ်တိုက်ဖျက်ရေးကော်မတီ ၈၀  ကျော်ရှိပြီး အသင်းတော်တိုင်းတွင်လည်း တိုက်ဖျက်ရေးကောမတီများရှိရာ ၎င်းတို့သည် မူးယစ်ရောင်းဝယ်အမည်ထွက်သည့့် နေရာများ၊ ဂိုဏ်းကြီးများရှိသည့် နေရာများတွင် အချင်းချင်းသတင်းပို့အကြောင်းကြားကာ ဖမ်းဆီးခြင်း ဖြစ်ကြောင်း တိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှုး ဆရာတန်ခွန်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုချိန် မူးယစ်သတင်းကျော်ကြားသည့် မြစ်ကြီးနားမြို့၊ စီတာပူ၊ မန်ခိန်၊ ရွှေစက်၊ အင်ဂျန်ဒုံ၊ ကချင်စု၊ ကျွန်ပင်သာ၊ မော်ဖောင်း၊ အကျဲ၊ လွယ်ခေါကျေးရွာများနှင့် မြစ်ဆုံတန်ဖရဲ၊ အောင်မြင်သာစံပြကျေးရွာများတွင် ဆက်လက်၍ ဖမ်းဆီးမူများပြုလုပ်နေကြောင်း သိရသည်။

အသင်းတော်များစုပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်မှဖွဲ့စည်းထားခြင်းဖြစ်ပြီး ကော်မတီများဖွဲ့စည်းကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများလုပ်နေ သည့် ကချင်ပြည်နယ် နေရာအနှံ့ ဖမ်းဆီးမှုများပြုလုပ်နေခြင်းဖြစ်သည်။

Most read this week