ဟူးကောင်းဒေသ စံပြရွာ သူကြီးအား သစ်တောသဘာဝ ချိုးဖောက်မှုဖြင့်စွပ်စွဲ ဖမ်းဆီး

ဟူးကောင်းဒေသ စံပြရွာ သူကြီးအား သစ်တောသဘာဝ ချိုးဖောက်မှုဖြင့်စွပ်စွဲ ဖမ်းဆီး
by -
ကေအဲန်ဂျီ

ဖားကန့်မြို့နယ် တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ယုဇနကုမ္ပ္ပဏီကြောင့် ရွှေ့ပြောင်းနယ်မြေ စံပြကျေးရွာမှ ရွာသူကြီး ဦးအားဖူဒွေ့အား ဖားကန့်မြို့နယ် ဒု-အုပ်ချုပ်ရေးမှူးဦးကျော်မြင့် က တာဝန်မှရပ်နား ရန် ပြောဆိုပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က တောရိုင်းတိရ စ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆ (ဂ) အရ အမှုဖွင့် အရေးယူဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

စံပြကျေးရွာ ရွာသူကြီးဦးအားဖူးဒွေ့ အားတာဝန်မှရပ်နားရန်ပြောဆိုခဲ့သော်လည်း ရွာသားများ အလို မရှိသောကြောင့် ဆက်လက်တာဝန်ယူနေပြီး တနိုင်းဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီ၏ ဧရာမချဲ့ထွင်နေမှုအား ‘အလိုရှိ၊မရှိ’ မဲဆန္ဒ္ဒခံယူမှုပြုလုပ်သည့်နောက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များမှသိရသည်။

သူ့ကို အောက်တိုဘာ ၉ ရက်နေ့ ညနေ ၃ နာရီချိန် ကားမိုင်းရဲစခန်းမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖားကန့်အချုပ်ခန်းသို့ ပို့ထားကြောင်း ကားမိုင်းရဲစခန်းမှ အတည်ပြုသည်။

ကားမိုင်းရဲစခန်းမှ တာဝန်ရှိသူက "သစ်တောသဘာဝ ဘေးမဲ့ဥပဒေ ပုဒ်မ ၃၆ (ဂ) နဲ့ ဖမ်းဆီးတာဖြစ်တယ်" ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

စံပြကျေးရွာတွင် ယုဇနကုမ္ပ္ပဏီမှ ပညာရေးကျောင်းကို ကောင်းမွန်စွာ ဆောက်လုပ်ထားပေး သော်လည်း ဆရာ/မ နေအိမ်အဆောင်များလိုအပ်သည့်အခက်ခဲကြောင့် ကျောင်းကော်မတီ များ၊ ရပ်ရွာရပ်မိရပ်ဖများ ရွာသားများ အားလုံးသဘောတူညီမှုဖြင့် မြေကွက်များအကွက်ချ ရောင်း၍ ရံပုံငွေရှာကာ အဆောင် ၂ ဆောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများ မှသိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ စံပြရွာရှိ ဦးလမုန်တန်ဂွန်း (Slg Lamung Tang Gun) နှင့် ဦးအားဖူဒွေ့ အား ကားမိုင်း ရဲစခန်းဆင့်ခေါ်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ရွာသားများက ကားမိုင်းရဲစခန်းသို့ လိုက်သွားရာ "ဘေးမဲ့သစ်တော ကတိုင်ထားလို့၊ ဖမ်းဝရမ်းထုတ်ထား လို့သာ ဖမ်းရတာဖြစ်တယ် အပြစ်မမြင်ပါနဲ့ အာဃာသအငြိုးအတွေးတွေ မထားပါနဲ့ ကျနော်တို့က အထက်အမိန့်နဲ့ ဖမ်းရတာဖြစ်တယ်" ဟုပြောဆိုခဲ့သည်ဟု လိုက်ပါသွားသူ စံပြရွာသား ဦးတင်မောင်ရွှေ ပြောသည်။

ထိုသို့ဖမ်းဆီးမှုအပေါ် မိသားစုဝင်များအနေဖြင့် ဝါရာဇွပ် (Wa Ra Zup) အုပ်စု ဥက္ကဌများနှင့် သက်ဆိုင်ရာများ က သစ်တောဦးစီးများသို့ အရေးယူပေးရန် တစုံတရာဖိအားပေးမှုကြောင့် ထိုသို့ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ပြီး ဖခင်ပေါ်စိုးရိမ်ပူပန်နေကြောင်း ဦးအားဖူဒွေ့သမီး ယောထည်ဆာက KNG ကချင်သတင်းဌာ သို့ပြောသည်။

"သူတို့က ဘယ်လို ကြံစည်လည်း မသိဘူးက ကျမတို့ကတောင်ယာပဲလုပ်စားတယ် ဆိုတော့ တောင်ယာလည်းဝေးတယ် ဟိုသွားဒီသွား လမ်းမှာ တစ်ခုခုဖြစ်မှာစိုးတယ် အဖေအသက်အန္ဒရာယ်ရှိတယ် ဒီကြားထဲ အဖေတစ်ခုခုဖြစ်မှာစိုးတယ် အရမ်းစိုးရိမ်တယ် အဖေအသက်က သူတို့ဆီမှာရှိနေသလို ဖြစ်နေတာ"

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့တွင် စံပြရွာရှိ မြေကွက်ယူသူများအား ဝါရာဇွပ်အုပ်စု ဥက္ကဌမှ ၎င်းတို့အား အစည်းဝေးခေါ်ရာ ၄ ဦးတက်ရောက်ချိန် စံပြရွာသူကြီးအား အလိုမရှိကြောင်း ပြောဆိုမှုများရှိသည်ဟု သိရသည်။

စံပြရွာသူကြီးသည် သူ့အားဖမ်းဆီးထိန်းသိမ်းခံထားရချိန် ရွာလူကြီးအသစ်ကို ရွေးချယ်ကြရန် သူကိုယ်တိုင်မှာ ထားခဲ့သည်ဟု လည်းဒေသခံများပြောသည်။

ဟူးဟောင်းချိုင့်ဝှမ်းဒေသတွင် ယုဇနကုမ္ပဏီများ၏ ဧရာမလုပ်ငန်းချဲ့ထွင်မှုကြောင့် ဒေသခံရွာသားများ၏ နယ်မြေများ များစွာဆုံးရှုံးခဲ့ရပြီး ရွာသားများ ၁၀၀၀ ကျော်ကိုလည်း  ၂၀၀၉ -၂၀၁၀ ခုနှစ်မှ ပြန်လည် နေရာချထားရေး စံပြကျေးရွာသို့ ပြောင်းရွှေ့ပေးခဲ့သည်။ စံပြရွာသူကြီး ဦးအားဖူဒွေ့ကိုမူ ၂၀၀၃  ခုနှစ်မှ ရွာသူကြီးအဖြစ် ခန့်အပ်ထားခြင်းလည်းဖြစ်ပြီး ရွာသားများ နှစ်သက်ခံရသူတဦးလည်းဖြစ်ကြောင်းသိရသည်။

ယုဇနကုမ္ပဏီ ‘အလိုရှိ၊မရှိ’ နှင့်ပတ်သက်၍ ဟူးကောင်းဒေသရှိ ဒေသခံများသည် ဆန္ဒခံယူမှုလုပ်ဆောင်ရာတွင် လည်း ၉၈ ရာခိုင်နှုန်းသည် အလိုမရှိကြောင်း အဖြေထွက်ခဲ့သည်ဟု ဒေသခံများပြောသည်။

Most read this week