UNFC ညီလာခံမှ ရာထူးများ ပြန်လည်ခန့်အပ်

UNFC ညီလာခံမှ ရာထူးများ ပြန်လည်ခန့်အပ်
by -
ကေအဲန်ဂျီ

ပထမဆုံးအကြိမ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ညီလာခံမှ UNFC ဥက္ကဌ အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ထပ်မံ တင်မြောက်လိုက်ပြီး ဒုဥက္ကဌ(၂) နေရာကို ကရင်အမျိုးသားအစည်းအရုံး KNU ရွေးချယ် တင်မြောက်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော  ပထမဆုံးအကြိမ် UNFC ၏ ညီလာခံကို ခုနှစ်ရက်ကြာကျင်းပပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ၁၂ ဦးပါ ကော်မတီအသစ်ကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်လိုက်ခြင်း ဖြစ်သည်။

UNFC-president-Nban la

လာမည့် ၂၀၁၄-၂၀၁၆ ခုနှစ် နှစ်နှစ်ကြာ သက်တမ်းအတွက် UNFC ဥက္ကဌ KIO ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ (၁) နိုင်ဟံသာ ၊ ဒုဥက္ကဌ (၂) KNU၊ အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်၊ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဘက်အတွင်းရေးမှူး(၂) ဆလိုင်း ထလာဟေး၊ ဒေါက်တာလဂျာ (KIO)၊ ဗိုလ်ချုပ် ဘီထူး၊ ဒူဝါ ဘောမ်ဝမ်လရော်၊ ဗိုလ်မှူးကြီး စိုင်းထူး၊ ဒေါက်တာခင်မောင်နှင့် KNU တို့ကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအဖြစ် တာဝန်ပေးထားသည်။

ယခင် သုံးနှစ်သက်တမ်းတွင် UNFC ၏ ဥက္ကဋ္ဌ မှာ KIO ဒု-ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လဖြစ်ပြီး KNPP ဥက္ကဋ္ဌ အေဘယ်လ်တွီဒ်နှင့် အတွင်းရေးမှူးမှာ နိုင်ဟံသာတို့ မှာ ဒု-ဥက္ကဌအဖြစ် တာဝန်ယူခဲ့ကြသည်။

UNFC အဖွဲ့ဝင် ပြန်လည် ပူးပေါင်းလိမ့်မည်ဟု မျှော််လင့်ထားပြီး ယာယီရပ်ဆိုင်းထားသော KNU အား ဒုဥက္ကဌ (၂) နေရာနှင့် ဗဟိုအလုပ်အမှုဆောင် ကော်တီဝင် တစ်ဦးအဖြစ်နှစ်နေရာပေးထားခြင်းဖြစ်သည် ဟု UNFC ၏ ဒုတိယ ဥက္ကဌ (၁) နိုင်ဟံသာက ပြောသည်။

“သူတို့သဘောထား အကဲခတ်မိတလောက်ဆိုရင် ပြီးခဲ့တဲ့ ၁၅ ကြိမ်မြောက် ကွန်ကရက်မှာ တော်လှန်ရေး အင်အားစုတွေ စုစုစည်းစည်းနဲ့ ရပ်တည်မှဘဲ အောင်ပွဲနဲ့ နီးစပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ ဗဟိုကော်မတီတွေ စည်းဝေးထိုင်ပြီး ကျနော်တို့ UNFC နဲ့ ပြန်ပြီး ပူးပေါင်းမယ်လို့ ခန့်မှန်းပါတယ်။ အဲဒါကြောင့် ကျနော်တို့ လျာထားခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

အလားတူ KNU အနေဖြင့် ညီလာခံသို့ ပေးပို့သော စာအပေါ် UNFC အနေဖြင့် တရားဝင် စာ ပြန်လည် ပေးပို့မည် ဖြစ်ပြီး တပ်ပေါင်းစုထံ ပူးပေါင်းရန် မျှော်လင့်ကြောင်း UNFC ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က စက်တင်ဘာလ ၃ ရက်နေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“သူတို့ ဗဟိုကော်မတီဝင် အစည်းအဝေးပြီးရင် UNFC အဖွဲ့ဝင် အဖြစ် ပြန်လည် ဝင်လာဖို့အတွက် ကျနော်တို့ အမြဲတမ်း ကြိုဆိုတယ်။ အဲဒီလိုလဲ လုပ်မယ်လို့ မျှော်လင့်တဲ့အကြောင်းဆုံးဖြတ်တာရှိပါတယ်” ဟု သူက ပြောသည်။

KNU ကို ဒုတိယ ဥက္ကဌ နေရာကို ချန်ထားပေးမှုအပေါ် မသိရသေးသော်လည်း UNFC တွင် ဆက်လက် ပါဝင်ရေး မပါဝင်ရေးကို ဗဟိုကော်မတီ အစည်းအဝေးပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီဝင်  အစည်းအဝေး ကျင်းပပြီးတော့ ဆက်လက်ပါဝင်မယ်ဆိုရင်တော့ ကျနော်တို့ ကိုယ်စားလှယ်လွှတ်ရမှာပေါ့။ ကျနော်တို့က ဥက္ကဌ နေရာတခါတည်းရွေးပြီးတော့ ပို့ရမဲ့သဘောလား မသိပါဘူး။ ကျနော်တို့က ဦးဆောင်မှု အခန်းကဏ္ဍကို ကျနော်တို့ယူချင်လို့ မဟုတ်ပါဘူး။ အဖွဲ့ဝင်အနေနဲ့လည်း ပူးပေါင်း ဆောင်ရွက်လို့ ရတာဘဲ” ဟု သူက ပြောသည်။

KNU ဘက်မှ တပ်ပေါင်းစု စုဖွဲ့မှု ဖွဲ့စည်းပုံအား ညီလာခံသို့ တင်ပြခဲ့မှုအပေါ် သဘောထားကွဲလွဲမှုများ ရှိခဲ့သဖြင့် သြဂုတ်လ ၃၁ ရက်တွင် UNFC နှင့် ညီလာခံမှ နုတ်ထွက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်တွင်UNFC အဖွဲ့ဝင်အဖြစ်ယာယီရပ်ဆိုင်းလိုက်ပြီး KNU ကိုယ်စားလှယ်များ ပေးပို့ခြင်း မရှိတော့ကြောင်း KNU ဥက္ကဌ နှင့်ဒုဥက္ကဌ တို့က UNFC ကို တရားဝင် စာပေးပို့ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ထိ ခုနှစ်ရက်ကြာ ကျင်းပသော ညီလာခံတွင် ကိုယ်စားလှယ်ပေါင်း ၉၀ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။

သြဂုတ်လ  ၂၉ နှင့် ၃၀ ရက် နှစ်ရက်ကြာ ပြည်တွင်းမှ နိုင်ငံရေး ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံဆွေး နွေးခဲ့ပြီး လက်ရှိ နိုင်ငံရေး အခြေအနေများအပေါ် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

စက်တင်ဘာလ ၃ ရက်က်နေ့တွင် UNFC က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ မြန်မာနိုင်ငံ အမျိုးသား မဟာမိတ် တပ်မတော် MNDAA ကိုးကန့်အဖွဲ့ကို UNFC ၏ တရားဝင် အဖွဲ့ဝင်အဖြစ်ဆုံးဖြတ်ချက်များ အပါအဝင် အချက် ၆ ချက်ကို ချမှတ်ခဲ့သည်။

UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက တိုင်းရင်းသား ညီလာခံကြီးမှ စတင်ဖွဲ့ခဲ့ပြီး UNFC ကချင်လွတ်လပ် ရေးအဖွဲ့ (KIO)၊ ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ(MNSP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PSLF/TNLA)၊ ‘ဝ’ အမျိုသား အစည်း အရုံး(WNO) နှင့် မြန်မာနိုင်ငံ အမျိုးသား မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် အဖွဲ့တို့ ၁၂  ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ဆက်စပ်အဖွဲ့ဝင်များ ဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်တပ်မတော် (AA)နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA-PC တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Most read this week