အစိုးရတပ်နှင့်ကေအိုင်အေ တိုက်ပွဲဖြစ်ပွါး လယ်တောပြန်ရွာသားအား အစိုးရတပ်က ပစ်သတ်

အစိုးရတပ်နှင့်ကေအိုင်အေ တိုက်ပွဲဖြစ်ပွါး လယ်တောပြန်ရွာသားအား အစိုးရတပ်က ပစ်သတ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသ ခလဲန်ရွာဟောင်းတွင် ဇူလိုင်လ၂၈ ရက်နေ့က အစိုးရတပ် ခလရ (၁၂၃) နှင့် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) ကြားပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက်   ခလဲန်ရွာသား ဦးဆွမ်လွတ်လာဂွန်း (Sumlut La Gun) ဆိုသူအား အဆိုပါစစ်တပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။

ခလဲန်ရွာသား ဦးဆွမ်လွတ်လာဂွန်း (Salang Sumlut La Gun)  အသက် ၃၀ နှစ် သည် ကလေး ၃ ဦး ဖခင်ဖြစ်ပြီး တနင်္ဂနွေနေ့ ဘုရားဝတ်ပြုစည်းဝေးပြီးနောက် ကြံခင်းသို့ ကယ်ဆိုင်ဖြင့်သွားစဉ် ၎င်းအစိုးရတပ်မှ  ပစ်သတ်ခဲ့ပြီး အနီးအနားတွင် မြုပ်ထားခဲ့ခြင်းဖြစ်ကြောင်း MHH တပ်ခွဲ(၅) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဆိုင်ကယ်နဲ့ ကြံခင်းထဲထွက်ထားတာ ပြန်မလာတော့ ဘယ်လိုဖြစ်တယ် အခြေအနေလဲမသိဘူး။ လိုက်ရှာကြတယ်။ ဆိုင်ကယ်ကိုတော့ အစိုးရတပ်က ကားနဲ့တင်သွားတာတွေ့လိုက်ပြီး လူကမထွက်လာတော့ အ့ံသြပြီးလိုက်ရှာတော့ တိုက်ပွဲဖြစ်တဲ့နေရာ အောက်ဘက်မှာ ဒီတိုင်းပဲမြုပ်ထားကြတာ။ ဒီနေ့မှ သင်းအုပ်ဆရာတွေနှဲ့ပြန်ရှာတွေ့ပြီး နေရာပြန်စီစဉ်ပြီးမှ ဆုတောင်းသဂြိုလ်ဖို့လုပ်နေတယ်။”

ထိုနေ့တိုက်ပွဲတွင် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှ ကျဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုများ၍ တပ်ခွဲ (၅) ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အသတ်ခံရသော ခလဲန်ရွာသား ဦးဆွမ်လွတ်လာဂွန်း (Sumlut La Gun)  သည် KIA တပ်ဖွဲ့ဝင်မဟုတ်၊ ရွာသား သက်သက်ဖြစ်ကြောင်း တပ်ခွဲမှူးပြောသည်။

၎င်းမိသားစုဝင်များနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အခက်ခဲရှိနေဆဲဖြစ်သည်။ ခလဲန်ရွာတွင် အိမ်ထောင်စု ၅၀ ကျော်နေထိုင်လျက်ရှိသည်။

အဆိုပါ ခလဲန်ရွာရှိ အစိုးရတပ် ခလရ ခြေလျင်တပ်ရင်း (၁၂၃) တပ်သည် ယခုချိန် ပန်ဆိုင်း (ကြူကုတ်) ဘက်သို့ပြောင်းရွှေ့သွားပြီး မုန်ဂိုးဘက်မှ ထပ်မံတိုးချဲ့လာသော အလဲအလှယ်စစ်တပ်များသည် ခလဲန် (Hka Len) ကောင်းယောင်း (Kawng Yau)၊ ဖိုင်ကောင်း (Hpai Kawng)၊ ကောင်းစထေး (Kawng Sahte) ရွာများတွင် ပြန်လည်တိုးချထားကြောင်းသိရသည်။

တပ်မဟာ (၄) တာမိုးညဲမြို့နယ် KIA တပ်ရင်း (၂) ဒေသ MHH တပ်ခွဲ (၂) နယ်မြေ မုန်ပေါ် (Mung Paw) တွင်လည်း ဇူလိုင် ၂၈ ရက် အစိုးရတပ် ခလရ ၁၂၉ တပ်နှင့် MHH တပ်ခွဲ (၂) တို့ပစ်ခတ်တိုက်ခိုက်ချိန် နမ်ဂျောန် (Nam Jawn) ဘက်မှ စစ်ကူအင်အား ရ၀ ကျော် ရောက်ရှိလာပြီးလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် MHH တပ်ခွဲ (၂)မှ နောက်ဆုတ် လိုက်ရကြောင်း KIA တပ်မဟာ (၄) အရာရှိတဦးပြောသည်။

ယခုချိန် အစိုးရတပ်သည် တပ်မဟာ (၄) နယ်မြေနေရာ အသီးသိီးတွင် စစ်အင်အားများဖြည့်နေပြီး ယနေ့နံနက်တွင်လည်း လားရှှိုးဘက်မှ အစိုးရ ကား အစင်း ၂၀ ကျော်သည် နမ်ဖတ်ကာ-မူဆယ် ဘက်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများပြောသည်။

အစိုးရတပ်များ စစ်အင်အားများ တိုးချဲ့နေခြင်းကြောင့် KIA တပ်မဟာ (၄) နယ်မြေ အသီးသီးတွင် နှစ်ဖက်တင်းမာနေပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း KIA တပ်မဟာ (၄) အရာရှိပြောသည်။

Most read this week