မြစ်ဆုံရေကာတာကြောင့် ရွှေ့ပြောင်းခံရ ဒေသခံများ ထောက်ပံ့မှုဆက်လက်လိုအပ်

မြစ်ဆုံရေကာတာကြောင့် ရွှေ့ပြောင်းခံရ ဒေသခံများ ထောက်ပံ့မှုဆက်လက်လိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသော ဒေသခံများအတွက် တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) မှ ဆန်ထောက်ပံ့မှုများသည် ယခုနှစ်တွင်ပြီးဆုံးသွားပြီဖြစ်သောကြောင့် လာမည့်နှစ်အတွက် အောင်မြင်သာ ဒေသခံများ စိုးရိမ်မှုဖြစ်နေကြကြောင်းသိရပါသည်။

CPI အုပ်ချုပ်ရေးရုံးတာဝန်ခံနှင့် မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ၁၀ ဦးခန့်သည် အောင်မြင်သာ ကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံများအား ဇူလိုင်လ ၁၃ ရက်နေ့က ၂ လစာအတွက် ဆန်များကို နောက်ဆုံးကူညီပေးခဲ့သည်ဟု ဒေသခံလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့ Mungchying Rawt Jat (MRJ) အဖွဲ့ဝင် ဒေါ်ဂျာခေါန် ပြောသည်။

Aung-myin-thar-relocation-village

“အခု ကူညီတာက အရင်ကတည်းကနေ ထောက်ပံ့မယ်ပြောထားတဲ့ဆန်ဟုတ်တယ်။ တစ်နှစ်စာကို ၆ လမှာတကြိမ် ကူညီပြီးသွားပြီ ဆက်ပြီးကူညီဖို့တော့မရှိတော့ဘူးထင်တယ်။ သူတို့မကူညီရင်တော့ ပိုပြီးခက်ခဲမယ်။ ကျွန်မတို့လည်း ဒုက္ခသည်တွေလိုပါပဲ။ ဒါမဲ့ဘယ်အဖွဲ့အစည်းကမှ မကူညီဘူး။ CPI  ပဲ ဆက်ပြီး ကူညီဖို့ပြောတော့ပြောတယ်။ မသိသေးတော့စိုးရိမ်တယ်။”

အဆိုပါ CPI မှ ဆန်များ ထုတ်ပေးရာတွင်လည်း လွန်ခဲ့သည့်နှစ်များတွင် ကောက်ခံထားသည့် စာရင်းအတိုင်း သာကူညီထောက်ပံ့ပေးသောကြောင့် စာရင်းမဝင် စာရင်းမသွင်းထားသည့် ဒေသခံ အိမ်ခြေ ၂၀ ကျော်မှာ အကူညီမရပဲ ခက်ခဲရင်ဆိုင်နေရကြောင်း ဒေသခံများပြောသည်။

၂၀၁၀ ခုနှစ်မှစ၍ ပြောင်းရွှေ့လာသော အောင်မြင်သာ ဒေသခံများကို တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံ မှုကုမ္ပဏီ (CPI)မှ ဆန်များထောက်ပံ့မှုကို လူ ၁ ဥိီးလျှင် ဆန် ၁၅ ပြည်ကို ၂ လစာ အဖြစ်ကူညီထောက်ပံ့ပေး နေခြင်းဖြစ်ရာ၂ နှစ်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုနေ့တွင် ၁၀ တန်း အောင်မြင်သောဒေသခံ ၅ ဦးကိုလည်း ဆုငွေ ကျပ် ၁ သိန်းစီ ချီးမြှင့်ခဲ့ကြောင်းနှင့် တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ရှိသူတဦးကလည်း “စီမံကိန်းရပ်ဆိုင်းနေပြီ။ ဆုံးရှုံးမှုတွေလည်းအများကြီးရှိတယ်။ ဒါမဲ့ ပြောင်းရွှေ့နေတဲ့ သူတွေခက်ခဲနေချိန် ကျွန်တော်တို့ လာကူညီတာဖြစ်တယ်” ဟုပြောဆိုခဲ့ကြောင်း ဒေါ်ဂျာခေါန်မှပြောသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော အောင်မြင်သာဒေသခံများသည် CPI ၏ထောက်ပံ့မှုအနည်းငယ် ရရှိသော်လည်း စားဝတ်နေရေး မဖူလုံသည့် ပြဿနာကြောင့် နေ့စားများဆင်း၍ ခက်ခက်ခဲခဲရှာဖွေရုန်းကန် နေရကြောင်းသိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ဆက်လက်တည်ဆောက်နိုင်ရေး တရုတ်အစိုးရဖက်မှ ကြိုးပမ်းနေဆဲဖြစ်ပြီး ဒေသခံများအား စည်းရုံးမှု လုပ်နေဆဲဖြစ်သည်ဟု ရေကာတာစောင့်ကြည့်သူများပြောသည်။

အောင်မြင်သာကျေးရွာတွင် ဒေသခံများ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်နေထိုင်ကြောင်း သိရသည်။

Most read this week