အစိုးရ လှုပ်ရှားတပ်နှင့် KIA တိုက်ပွဲဖြစ်

အစိုးရ လှုပ်ရှားတပ်နှင့် KIA တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေသို့ ၀င်ရောက် လှုပ်ရှားလာသည့် အစိုးရတပ်နှင့် KIA တို့ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

KIA Battalion 8

KIA တပ်ရင်း ၈ စခန်းရှိရာ နမ့်ဖတ်ကာ ဒေသ မဂွေဘော်ဘွမ် (ဆင်ခေါင်းတောင်) သို့ မတ်လ ၂၁ ရက် ညနေပိုင်းက အစိုးရတပ်ဖွဲ့ဝင်များ ၀င်ရောက် လာခြင်းကြောင့် (၁) နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA တပ်မဟာ (၄) မှ အမည်မဖော်လိုသည့် အရာရှိ တဦးက ပြောဆိုသည်။

“မဂွေဘော်ဘွမ်မှာ ကျနော်တို့နေတဲ့နေရာမှာ အစိုးရတပ်ဖွဲ့တွေရောက်လာတယ်။ ထိပ်တိုက်ကိုဖြစ်သွားလို့ ပစ်လိုက်တာ။ သူတို့အင်အား ရ၀ ကျော်တယ်။ သူတို့က ပစ်ခတ်တော့မလိုလိုနဲ့ နေရာတိုင်းမှာကို လှုပ်ရှားနေတယ်”

အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၁၃၀ နှင့် ခြေမြန်တပ်ရင်း ခမရ ၅၀၄ တို့က မုန်မောင်းနယ် နမ့်ခိုင်းပါ ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် အစိုးရဘက်မှ ၈ ဦး ကျဆုံး၍ ၁၀ ဦးခန့် ဒဏ်ရာရကြောင်း KIA အရာရှိက ပြောသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပါ။

တချိန်တည်းတွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က KIA တပ်ရင်း (၈) နယ်မြေရှိ ငေါ့ငါး ပလောင်ကျေးရွာနိုက် မုန်းယူးဘက်မှတက်လာသော အစိုးရတပ်ဖွဲ့များနှင့် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး ရရှိစေရန် အစိုးရနှင့် KIO တို့ မတ်လ (၁၁) ရက်နှင့် (၁၂) ရက်နေ့များက တရုတ်နိုင်ငံ ရွှေလီမြို့တွင် ဆွေးနွေးခဲ့ပြီး နှစ်ဖက် စစ်ရှိန်လျှော့ချရန် သဘောတူခဲ့သော်လည်း မကြာခန တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

Most read this week