မြန်မာအစိုးရသစ်နှင့် KIO ငြိမ်းချမ်းရေး ရရှိရေး ဆရာဆဘွဲဂျွမ် ကြိုးပမ်း

မြန်မာအစိုးရသစ်နှင့် KIO ငြိမ်းချမ်းရေး ရရှိရေး ဆရာဆဘွဲဂျွမ် ကြိုးပမ်း
by -
ကချင်သတင်းဌာန

နယ်ခြားစောင့်တပ်ကိစ္စကြောင့် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား ၁၉၉၄   ငြိမ်းချမ်းရေး စာချုပ် ပျက်ပြယ်သွားပြီးနောက် နှစ်ဖက်ကြားငြိမ်းချမ်းရေး စာချုပ်သစ်ထပ်မံပြု လုပ်နိုင်ရန် ကချင် သိက္ခာတော်ရဒေါက်တာ ဆဘွဲဂျွမ် ကြိုးပမ်းနေကြောင်း သိရသည်။

saboi-jum-hkun-myatကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) ၏ အထွေထွေအတွင်းရေးမှူးဟောင်း နှင့် ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation) ကို ဦးဆောင်ထူထောင်သူ ဆရာကြီးဆဘွဲဂျွမ်က ၈ လကျော် နှစ်ဖက် အရာရှိအဆင့်ဆက်ဆံရေး လုံးဝဖြတ်တောက် နေသော အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးပြန်လည် ရရှိရန် စေ့စပ်ပေးနေသည်ဟု ဆရာတော်နှင့် နီးစပ်သူ များက ဆိုသည်။

ငြိမ်းချမ်းရေး ကြားနေစေ့စပ်ပေးသူ ပုဂ္ဂိုလ်တစ်ဦးအနေဖြစ် ဆရာတော်က မြန်မာစစ်တပ်ဘက်မှစကားကို KIO ဘက် အကြောင်းကြားပေးသကဲ့သို့ KIO ဘက်မှ စကားကိုလည်း မြန်မာအစိုးရဘက် အကြောင်းပြန်ပေးနေခြင်း ဖြစ်သည်။

ယခုနှစ် ဖေဖော်ဝါရီ ၅ ရက်၊ KIO လက်နက်ကိုင်တော်လှန်ရေး (ကချင်တော်လှန်ရေးနေ့) နှစ် ၅၀ ပြည့်ချိန်တွင် သူသည် KIO ဒု-ဥက္ကဌ (Vice-President) ဒု-ဗိုလ်ချုပ်ကြီး အင်ဘန်လအောင်နှင့် ဒု-သဘာပတိ (Vice-Chairman) ဒု-ဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်း တို့အား ထိုင်းနိုင်ငံသို့ သွားရောက်တွေ့ဆုံခဲ့သည်။

ယမန်နှစ် သြဂုတ်လ ၂၂ ရက် မှ ယနေ့အထိ မြန်မာစစ်တပ်နှင့် KIO ကြား နှစ်ဖက်အရာရှိကြီးများ တွေ့ဆုံမှု မရှိသေးပါ။ သို့သော် နားလည်မှုဖြင့် အပစ်အခတ်ရပ်ဆိုင်းထားမှု အခြေအနေကိုမူ နှစ်ဖက် ဆက်ထိန်းထား ဆဲဖြစ်သည်။

အစိုးရကမ်းလှမ်းသော နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို KIO ငြင်းဆန်ခဲ့ပြီးနောက် အစိုးရက KIO အား “သောင်းကျန်းသူ သူပုန်” အဖြစ် ယမန်နှစ် အောက်တိုဘာ ၁၅ ရက်နေ့က ခေါ်ဆိုလိုက်သော်လည်း ယင်းကိစ္စ ကြောင့် အသစ်တဖန်ပြည်တွင်းစစ်ဖြစ်လာခြင်း မရှိသေးပါ။

ကြားနေ ငြိမ်းချမ်ရေး စေ့စပ်ပေးသူဖြစ်သော်လည်း ဆရာဆဘွဲဂျွမ်သည် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိုလက်ခံရန် KIO အား အစောပိုုင်းက အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။

သူက မြန်မာအစိုးရဖက်ရပ်တည်ကာ KIO ခေါင်းဆောင်များအား “နယ်ခြားစောင့်တပ် (Border Guard Force) ဟာ သော့ ဖြစ်တယ်၊ သော့ရမှ တံခါးဖွင့်ပြီး ၀င်လာလို့ရမှာ (BGF လက်ခံမှသာ ငြိမ်းချမ်းရေးရမယ်)” ဟု ယမန်နှစ် သြဂုတ်လတွင် နက်နက်နဲနဲ အကြံပြုခဲ့သည်။

သို့သော် KIO က BGF ကို လက်မခံကြောင်း ယမန်နှစ် သြဂုတ် ၃၀ က အတိအလင်း ကြေညာလိုက်ခြင်းကြောင့် ဆရာဆဘွဲဂျွမ်နှင့် ညီဖြစ်သူ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးခွန်မြတ်တို့သည် KIO အား ပြင်းပြင်းထန်ထန် ရှုတ်ချဝဖန်လာခဲ့သည်။

ဆဘွဲဂျွမ်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိခဲ့စဉ်က ဖေဖော်ဝါရီ ၆ ရက် တနင်္ဂနွေနေ့ ကချင်ဘုရား ရှိခိုးကျောင်း (Wunpawng Christian Church, WCC)တွင် ၎င်းနှင့် တွေ့ဆုံခဲ့သော မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအတွက် တက်စွလှုပ်ရှားသူ ကချင်လူငယ်များအား “ခေါင်းဆောင်များကို မ ပုန်ကန်ရဘူး၊ မ ဆန့်ကျင်ရ ဘူး၊ ဦးဆောင်တဲ့သူကိုဆန့်ကျင်တဲ့သူ ဘယ်လိုကျိန်စာမျိုးသင့်လာတတ်တယ် ဆိုတာ သမ္မာကျမ်းစာမှာ ပါတယ်။” ဟု သတိပေးပြောဆိုခဲ့သည်။

ဆဘွဲဂျွမ်အား ၁၉၉၄ မြန်မာအစိုးရ နှင့် KIO ကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးပမ်းခဲ့မှုကြောင့် သူ့အား ကချင်အမျိူးသားများကို ဗမာကြီးစိုးသောမြန်မာအစိုးရများ၏ ဖိနှိပ်မှုအောက်ကနေ ‘ကယ်တင်ရှင်’ အဖြစ် ရှုမြင်ခဲ့သော်လည်း ယခုအခါ သူ့ကျွန်ထမ်းပိုးအောက် ဆွဲခေါ်သူူအဖြစ် မြင်လာကြပါသည်။

၁၀ နှစ်သာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသည့်ကာလအတွင်း ဆရာဆဘွဲဂျွမ်၏ ကိုယ်ကျိုးစီးပွါး ရေး အများအပြားတည်ဆောက်ယူခြင်းကြောင့် ပြည်တွင်းပြည်ပ ကချင်အသိုင်းအဝိုင်းများ၏ ဝေဖန်ခြင်း ခံနေရပါသည်။

Most read this week