မုံဂိုး တရုတ်တပ်စခန်းသစ်မှ မြန်မာဖက် ကို စောင့်ကြည့်မည်

မုံဂိုး တရုတ်တပ်စခန်းသစ်မှ မြန်မာဖက် ကို စောင့်ကြည့်မည်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း မုံဂိုး တစ်ဖက်ခြမ်း တရုတ်-မြန်မာ နယ်စပ်တွင် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ် (People’s Liberation Army) ၏ တပ် စခန်းများ တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

“တရုတ် ရှေ့တန်း တပ်စခန်း အဆောက်အအုံက ပြီးနေပြီဖြစ်တယ်။ ဘေးပတ်ဝန်းကျင် တပ်စခန်းငယ်တွေ ဆောက်တာပြီးဖို့ နည်းနည်း ကျန်သေးတယ်၊ အဓိကတော့ အဲ့ဒါပဲ ကျန်တော့တယ်။ ဒါပြီးရင်တော့ တပ်ရင်းတွေ လာတော့မယ်။” ဟု မုံဂိုးမှ ဒေသခံတစ်ဦးပြောသည်။

china_army_pla

ယင်းတပ်စခန်းတွင်(၄) လေးထပ်တိုက်နှင့် အဆောက်အဦးငယ်များ ပါ၀င်သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ ဖက်ခြမ်းသို့ ကောင်းစွာ မြင်ရသည့် နေရာတွင် ရွေးချယ် ဆောက်ထားကြောင်း လည်း သူက ပြောသည်။

“သူတို့ဆောက်နေတဲ့ အဆောက်အဦးကနေ ကြည့်လိုက်ရင် မြန်မာပြည်ကို ရှင်းရှင်းလင်းလင်း မြင်နေတဲ့ နေရာတစ်ခုဖြစ်တယ်၊ သစ်သယ်တဲ့ လမ်းတွေကိုလည်း  မြင်နေရတယ်” ဟု ဒေသခံမှ ဆက်ဆိုသည်။

တရုတ် တပ်စခန်း ဖြစ်လာမည့် နေရာသည် ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို တပ်မဟာ (၄) စခန်း တည်ရှိရာနှင့် မိုင် (၂၀)ခန့် ကွာဝေးသော်လည်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တပ်ဖွဲ့များ တရုတ်ပြည်မှ ဖြတ်၍ ကချင်ပြည်နယ်ဖက်သို့ သွားလာရန် အဓိက အားထားသည့် လမ်းကြောဖြစ်သည်။

၎င်းလမ်းကြောင်းသည် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့၊ ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်များ အဓိက သွားလာ လှုပ်ရှားရာတွင်လည်း အရေးပါသည်။

ကေအိုင်အို တပ်မဟာ (၄)ကို မြန်မာအစိုးရက မြန်မာနယ်စပ် ဒေသများတွင် သွားလာမှု မလုပ်ရန်ဇန်နဝါရီလက တည်းမှ လုံးဝ ပိတ်ပင်ထားသည်။

မြန်မာအစိုးရသစ် တက်လာပြီးနောက် ဧပြီ (၄)ရက်နေ့ ၌ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ မှ နံပါတ် (၄)အဆင့် ရှိသူ ကျာချင့်လင်နှင့် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ရာတွင် “မြန်မာအစိုးရသစ်မှ နှစ်နိုင်ငံ နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အစိုးရသစ်မှ အစွမ်းကုန် အားထုတ်ကြိုးပမ်းမယ်လို့ယုံကြည်ကြောင်း” ဟု ကျာချင့်လင်က ပြောဆိုခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနမှ ရေးသား ဖော်ပြထားသည်။ ထို့အတွက် တရုတ်နိုင်ငံက တရုတ်-မြန်မာ နယ်စပ်တွင် တည်ငြိမ်မှု ရှိစေရန် လိုလားကြောင်း ပြသခြင်း ဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

“ဒီ နယ်စပ် နိုုင်ငံရေး မတည်ငြိမ်မှုဖြစ်လာမှာနဲ့  ပတ်သက်ပြီး တရုတ် ရှေ့တန်း တပ်စခန်းကို လာချတာဖြစ်တယ်။ မြန်မာပြည်နယ်စပ်ကို အချိန်ပြည့် စောင့်ကြည့်နေဖို့ အဓိကပဲ၊ ‘ဝ’ နဲ့ ကေအိုင်အို ကို အစိုးရ ပြောသလိုမလိုက် နာရင် စောင့်ကြည့်ဖို့ တရုတ် တပ်စခန်းကို ချထားတာလို့ မြင်တွေ့ရတယ်။” ဟု မုံဂိုးမှဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) စစ်ဗိုလ်ဟောင်း ဘွမ်ထွယ်မှ သုံးသပ်ပြောဆိုသည်။

Most read this week